COVID-19 အလွန်မှာ ကမ္ဘာ့နံပါတ်တစ် ဖုန်းကုမ္ပဏီနေရာ ရပ်တည်ဖို့ ခက်နိုင်ပါတယ်

Huawei ဟာ Samsung ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ရောက်ခဲ့တယ်လို့ Canalys ရဲ့ ၂၀၂၀ ဒုတိယသုံးလပတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့စမတ်ဖုန်းလောကမှာ Samsung ဟာ နှစ်ပေါင်းများစွာ ကြီးစိုးနေခဲ့တာ ဖြစ်ပြီး ၂၀၂၀ Q2 မှာ Huawei က ကျော်တက်သွားတာပါ။ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေ ရှိခဲ့ပေမယ့် Huawei ဟာ ၂၀၂၀ ဧပြီ-ဇွန် သုံးလအတွင်း စမတ်ဖုန်းအလုံးရေ ၅၅.၈ သန်း တင်ပို့နိုင်ခဲ့ပြီး စမတ်ဖုန်းတင်ပို့မှုအများဆုံး ကုမ္ပဏီနေရာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။



Photo: Headtopics


Canalys ရဲ့ အစီရင်ခံစာအရ Samsung ဟာ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်အတွင်း စမတ်ဖုန်းအလုံးရေ ၅၃.၇ သန်း တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Huawei တင်ပို့လိုက်တဲ့ စမတ်ဖုန်းအားလုံးရဲ့ သုံးပုံနှစ်ပုံဟာ တရုတ်နိုင်ငံဈေးကွက်အတွင်း ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ Huawei နဲ့ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ခွဲတစ်ခု ဖြစ်တဲ့ Honor ဟာလည်း တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထက်ဝက်နီးပါးကို လွှမ်းခြုံထားတယ်လို့ ဆိုပါတယ်။

ဈေးကွက်ဝေစုအနေနဲ့ Huawei ဟာ တရုတ်နိုင်ငံ စမတ်ဖုန်းဈေးကွက်ရဲ့ ၄၆% ခန့်ကို ပိုင်ဆိုင်ထားပြီး ဒါဟာ ပြည်တွင်းဈေးကွက်မှာ Vivo ၊ OPPO နဲ့ Xiaomi တို့ သုံးခုပေါင်းထက် ဈေးကွက်ဝေစုပိုများနေတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်အတိုင်းအတာအနေနဲ့ Huawei ထုတ်ကုန်ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅% ကျဆင်းသွားခဲ့ပြီး Samsung ကတော့ ပြီးခဲ့တဲ့ကာလတူထက် ၃၀% အထိ ထိုးကျသွားခဲ့တာပါ။

၂၀၂၀ ဒုတိယသုံးလပတ်အတွင်း တရုတ်ပြင်ပ နိုင်ငံရပ်ခြား စမတ်ဖုန်းတင်ပို့မှုမှာ Huawei ဟာ ၂၇% ကျဆင်းသွားခဲ့ပေမယ့် ၂၀၂၀ ပထမနှစ်ဝက်အတွင်း ရခဲ့တဲ့ ဝင်ငွေဟာ အရင်နှစ်ကာလတူထက် ၁၃.၁% ပိုများလာတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ တရုတ်မှာပဲ ဈေးကွက်အင်အားကောင်းခြင်းကတော့ ကပ်ဘေးအလွန် ရေရှည်မှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း Supplier အနေနဲ့ ရပ်တည်ဖို့ Huawei အတွက် ခက်ခဲနိုင်ပါတယ်။

Share

Loading Next Article...
က္က