လျှပ်စစ်မီးသုံးစွဲမှုနဲ့စက္ကူပရင့်ထုတ်မှုလည်း အများကြီး လျော့ကျသွားပါတယ်
Nyein Min Wai

Microsoft ရဲ့ ဂျပန်ရုံးခွဲဟာ တစ်ပတ်မှာ ၄ ရက်ပဲ အလုပ်လုပ်တဲ့ စနစ်ကို ကျင့်သုံးခဲ့ပြီးနောက် ရလဒ်ကောင်းတွေ ရထားတယ်လို့ ထုတ်ပြန်ပါတယ်။


ဂျပန်မှာ ရှိတဲ့ Microsoft ရုံးတွေဟာ ယခုနှစ် ဩဂုတ်လ သောကြာနေ့တိုင်း ရုံးပိတ်ပေးပြီး ဝန်ထမ်းတွေကို လစာအပြည့်နဲ့ အထူးခွင့်အဖြစ် ပေးခဲ့တာဖြစ်တယ်လို့ BBC သတင်းက ဆိုပါတယ်။ ဒီအစီအစဉ်ကို Work Life Choice Challenge (ဘဝအလုပ် ရွေးချယ်ရေး စိန်ခေါ်မှု) လို့ခေါ်ပြီး ရက်သတ္တပတ်တိုင်းမှာ တစ်ရက်ပိတ်ပေးတဲ့ အလေ့အထ လုပ်လာတာပါ။

Photo: channel3000


ရုံးတွင်း အစည်းအဝေးတွေကိုလည်း အများဆုံးမှ မိနစ် ၃၀ အထိပဲ သတ်မှတ်ထားပြီး အီးမေးလ် ပြန်တာနဲ့အစည်းအဝေးတက်တဲ့ အချိန်တွေကိုလည်း လျှော့ပေးလိုက်ပါတယ်။ ဒီလို မျက်နှာချင်းဆိုင် တွေ့ရတဲ့အစား ကုမ္ပဏီအတွင်း အွန်လိုင်း စာပို့တဲ့ အက်ပလီကေးရှင်းဖြစ်တဲ့ Microsoft Teams ကနေပဲ ဆက်သွယ်တာမျိုးတွေ လုပ်လာတာ ဖြစ်ပါတယ်။

တစ်ပတ်အလုပ်ချိန် လျှော့ချပြီးနောက် ဝန်ထမ်းတွေရဲ့ ထုတ်လုပ်မှု စွမ်းအားဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကထက်စာရင် ၃၉.၉% တက်လာခဲ့သလို တစ်ဖက်မှာလည်း ကုန်ကျစရိတ်တွေ သက်သာလာတယ်လို့ဆိုပါတယ်။ Microsoft ဂျပန်ရုံးတွေမှာ တစ်ပတ်ကို ၄ ရက် အလုပ်ဆင်းတဲ့စနစ် တစ်လတာ ကျင့်သုံးပြီးနောက် လျှပ်စစ်မီး သုံးစွဲမှုဟာလည်း ၂၃.၁% လျော့ကျသွားသလို စက္ကူ ပရင့်ထုတ်မှုအရေအတွက်ဟာလည်း ၅၈.၇% အထိ ကျဆင်းသွားတယ်လို့ ထုတ်ပြန်ပါတယ်။

Photo: WGBH


ဂျပန်နိင်ငံဟာ ကမ္ဘာ့အလုပ်ချိန်အကြာဆုံးနိုင်ငံတွေထဲမှာ ပါတဲ့နိုင်ငံပါ။ ၂၀၁၇ ခုနှစ်က ဂျပန်ကုမ္ပဏီတွေရဲ့ ၂၅% နီးပါးကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဂျပန်ဝန်ထမ်းတွေဟာ တစ်လကို အချိန်ပိုနာရီ ၈၀ ကျော်ဆင်းရပြီး တစ်ခါတစ်လေ အချိန်ပိုကြေးမရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ Microsoft ဟာ ယခုဆောင်းတွင်းမှာလည်း ဒုတိယမြောက် Work Life Choice Challenge ကို လုပ်သွားမှာ ဖြစ်ပြီး ဝန်ထမ်းတွေကို အနားယူချိန် ပိုပေးသွားဖို့စီစဉ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်း ဈေးဝယ်ရေးပလက်ဖောင်းဖြစ်တဲ့ Alibaba ကို တည်ထောင်သူ ဂျက်မားကတော့ တစ်ပတ်ကို ၆ ရက် တစ်ရက်ကို ၁၂ နာရီအလုပ်ချိန်စနစ်ကို ကျင့်သုံးထားပါတယ်။ မနက် ၉- ည ၉ တစ်ပတ် ၆ ရက် အလုပ်ချိန်ဇယားကို ဂျက်မားကတော့ 996 pattens လို့နာမည်ပေးထားပါတယ်။


က္က