Huawei ကတော့ တရုတ်ဖုန်းကုမ္ပဏီတွေထဲမှာ ဈေးကွက်ဝေစု အများဆုံး ရထားပါတယ်

     ၂၀၁၈ နှစ်ကုန် လက်ကျန် ၃ လစစ်တမ်းအရ တရုတ်ဖုန်းကုမ္ပဏီတွေဟာ ဥရောပစမတ်ဖုန်းဈေးကွက်မှာ တဟုန်းထိုး နေရာရလာခဲ့ပြီလို့ဖော်ပြထားပါတယ်။



         Canalys ဈေးကွက်စစ်တမ်းကုမ္ပဏီဟာ ၂၀၁၈ နောက်ဆုံး ၃ လပတ် စမတ်ဖုန်းဈေးကွက်ကို ထုတ်ပြန်ရာမှာ Samsung နဲ့Apple တို့ဟာ ပြီးခဲ့တဲ့ နှစ် ၂၀၁၇ စတုတ္ထသုံးလပတ်ကထက် ရောင်းအားကျဆင်းမှုနဲ့ကြုံတွေ့နေပြီး တရုတ်ဖုန်းကုမ္ပဏီတွေက အားကောင်းလာခဲ့တယ်လို့ဆိုပါတယ်။

Photo:androidauthority

         အသိသာဆုံးက အရင်နှစ်ကာလတူ ၂၀၁၇ နောက်ဆုံး ၃ လပတ်က ဥရောပမှာ စမတ်ဖုန်းပေါင်း ၈.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၄.၈% ရခဲ့တဲ့ Huawei ဟာ ဒီနှစ်မှာတော့ စမတ်ဖုန်းပေါင်း ၁၃.၃ သန်းနဲ့ဈေးကွက်ဝေစု ၂၃.၆% အထိ ထိုးတက်လာခဲ့တာပါ။ တစ်နည်းအားဖြင့် နှစ်အလိုက် ဈေးကွက်ရောင်းအားတက်မှုမှာ Huawei ဟာ ၅၅.၇% အတက်ပြခဲ့တာလည်း ဖြစ်ပါတယ်။

         Huawei နဲ့အတူ ဥရောပမှာ နေရာရလာတဲ့ ဖုန်း brand တစ်ခုက Xiaomi ဖြစ်ပြီး ဒီနှစ် စတုတ္ထသုံးလပတ်အတွက် ကုမ္ပဏီရဲ့ ရောင်းအားက ၃.၄ သန်းနဲ့ဈေးကွက်ဝေစု ၆% ရှိခဲ့တာပါ။ Xiaomi ကလည်း ဥရောပမှာ ရောင်းအား ၆၂% တက်လာခဲ့ပြီး တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ ဥရောပဈေးကွက်ရောင်းအားတစ်ခုလုံးရဲ့ ၃ ပုံ ၁ ပုံရှိလာပြီ ဖြစ်တယ်လို့Canalys က ထုတ်ပြန်ထားပါတယ်။

         "အမေရိကန်ကြောင့် တရုတ်ကုမ္ပဏီတွေဟာ ဥရောပဘက်မှာ ရင်းနှီးမြှပ်နှံမှုတွေ ဖြစ်လာစေခဲ့ပါတယ်။ ဥရောပဈေးကွက် ဖွံ့ဖြိုးပြီးသား ၊ ဖုန်းသစ်ကိုင်မယ့်သူကလည်း သိပ်များတာ မဟုတ်ပေမယ့် တရုတ် brands တွေအနေနဲ့အရင်ဈေးကွက်ထဲက ကုမ္ပဏီတွေရဲ့ နေရာကို ဝင်ရောက်ဖို့အခွင့်အရေးရှိနေပါတယ်" လို့Canalys ရဲ့ အကြီးတန်း သုတေသီ ဘန်စတန်တန်က ဆိုပါတယ်။

Photo: digitaltrends

         တရုတ်စမတ်ဖုန်းကုမ္ပဏီတွေ ဝင်ရောက်လာခြင်းဟာ Apple အတွက်တော့ သတင်းကောင်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဥရောပဈေးကွက်မှာ နှစ်အလိုက်ရောင်းအား ၆% ကျဆင်းသွားပြီး အရင်နှစ် ဒီအချိန်က အလုံးရေ ၁၅.၅ သန်း ရောင်းချနိုင်ခဲ့ရာကနေ အခုချိန်မှာ ၁၄.၇ သန်းထိ ရောင်းအားကျဆင်းမှုဟာလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။

         ဥရောပဈေးကွက်ရဲ့ နောက်ဆုံး ၃ လပတ်စမတ်ဖုန်း ရောင်းအား စုစုပေါင်းဟာ ၅၆.၆ သန်းရှိခဲ့ပြီး ဒေါ်လာ ၂၀၀ ကနေ ၃၅၀ တန် ဖုန်းတွေက အနောက်ဥရောပ စမတ်ဖုန်းဝယ်လိုအားရဲ့ ၂၀% ရှိနေပါတယ်။ Canalys ကတော့ ဒီဈေးနှုန်းအတိုင်းဆို တရုတ်ဖုန်းတွေဟာ ဒီနှစ်ထဲမှာ ဆက်လက် လူကြိုက်များနေဖို့ရှိတယ်လို့သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က