အသက် ၁၃ နှစ်နဲ့အထက် player များ ဝင်ပြိုင်နိုင်မှာပါ
Nyein Min Wai

Epic Games ကုမ္ပဏီရဲ့ နာမည်ကြီးဂိမ်းတစ်ခု ဖြစ်တဲ့ Fortnite ဟာ အသက် ၁၃ နှစ်နဲ့အထက် ပလေယာများ ပါဝင်နိုင်မယ့် ပထမဆုံးအကြိမ် Fortnite World Cup ပြိုင်ပွဲ ကျင်းပသွားမယ်လို့ကြေညာထားပါတယ်။


         ဧပြီလ ၁၃ ရက်နေ့ကစပြီး အွန်လိုင်း လက်ရည်စစ်ပြိုင်ပွဲအနေနဲ့ဥရောပ ၊ အာရှ ၊ ဘရာဇီး ၊ ပစိဖိတ်ကျွန်းနိုင်ငံများ ၊ မြောက်အမေရိကရဲ့ အရှေ့နဲ့အနောက် ကမ်းရိုးတန်းဒေသများမှ Fortnite ဂိမ်မာတို့ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ။ အွန်လိုင်း Qualifier အဆင့်အတွက် ဧပြီ ၁၃ ရက်ကနေ ဇွန်လ ၁၆ ရက်အထိ အပတ်စဉ် ဆုကြေး ဒေါ်လာ ၁ သန်းစီ ပေးသွားမယ်လို့လည်း Business Insider မှာ ဖော်ပြထားပါတယ်။

         Online Qualifier တွေကို သီတင်းပတ် ၁၀ ပတ်ကြာ ရွေးချယ်သွားမှာ ဖြစ်ပြီး လက်ရည်စစ်ပြိုင်ပွဲမှာ ပထမဆုရတဲ့ အသင်းတွေကို ဒေါ်လာ ၅၀၀၀ နဲ့အဆင့် ၁၀၀၀ နဲ့အထက် ရရှိတဲ့ ပလေယာတွေကတော့ ဒေါ်လာ ၁၀၀ နဲ့အထက် ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ အပတ်စဉ် ပထမရတဲ့ အသင်းတွေဟာ Fortnite World Cup Finals အဆင့်တက်ရောက်ဖို့အရည်အချင်းပြည့်မီတဲ့ အသင်းတွေ ဖြစ်လာမှာ ဖြစ်ပြီး ဖိုင်နယ်အဆင့်ဟာ နယူးယော့မှာ ဇူလိုင် ၂၆ ရက်ကနေ ၂၈ အထိ သုံးရက်ကြာ ကျင်းပသွားတော့မှာပါ။

         Fortnite World Cup Final ဟာ ဆုကြေး ဒေါ်လာ သန်း ၃၀ ပေးသွားမှာ ဖြစ်ပြီး အွန်လိုင်း လက်ရည်စစ်ပြိုင်ပွဲမှာကတည်းက Solo နဲ့Duos ဆိုပြီး တစ်လှည့်စီ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြိုင်ပွဲရဲ့ ယှဉ်ပြိုင်မှု ပုံစံနဲ့winners အရည်အတွက်ဟာ တစ်ပတ်နဲ့တစ်ပတ် ပြောင်းလဲနေမှာပါ။ Qualifier တွေကို ပွိုင့်စနစ်နဲ့အမှတ်ပေးသွားမှာ ဖြစ်ပြီး ဒီထဲမှာ ရန်သူတွေကို ချေမှုန်းတဲ့ စကေး ၊ မသေအောင် survive လုပ်တဲ့ စွမ်းရည်တွေကို ကြည့်ပြီး ဆုပေးသွားမှာ ဖြစ်ပါတယ်။

         Epic Games ကနေ ရေးဆွဲထားတဲ့ Fortnite ဟာ ဈေးကွက်ထဲ မိတ်ဆက်ပြီး ၂ နှစ်မပြည့်ခင်မှာ ကစားဖို့register လုပ်ထားသူ သန်း ၂၅၀ ကျော် လာခဲ့ပြီလို့ဆိုပါတယ်။ လက်ရှိမှာ ဒီဂိမ်းဟာ Nintendo Switch ၊ Xbox One ၊ PC ၊ PlayStation 4 နဲ့ iPhone ၊ အန်းဒရိုက်ထုတ်ကုန်များအတွက် ထွက်ထားပါတယ်။


က္က