2G အင်တာနက်ဝန်ဆောင်မှုပဲ ပေးထားပါတယ်
Nyein Min Wai

     ဒါကာမှာ ကျင်းပမယ့် ၁၁ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမရောက်ခင် ရက်ပိုင်းအလိုကစပြီး ဘင်္ဂလားဒေ့ချ်အစိုးရဟာ မြန်နှုန်းမြင့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေကို ပိတ်ချဖို့အမိန့်ပေးထားတယ်လို့ဆိုပါတယ်။

         Daily Star သတင်းဌာနဟာ အစိုးရ တယ်လီကွန်းအာဏာပိုင်များမှ မိုဘိုင်းလ်အော်ပရေတာများဆီ ပေးပို့တဲ့ အီးမေးလ်တစ်စောင်ကို ကိုးကားပြီး တင်ပြခဲ့တာပါ။ ဘင်္ဂလားဒေ့ချ် တယ်လီကွန်းဆက်သွယ်ရေး စည်းမျဉ်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း BTRC ဟာ 3G နဲ့4G ဝန်ဆောင်မှုတွေ ပိတ်ထားဖို့အမိန့်စာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

         အင်တာနက်မြန်နှုန်း ချုပ်လိုက်တာ ဖြစ်လို့မိုဘိုင်းအင်တာနက် သုံးသူတွေဟာ ဗွီဒီယိုတွေ ၊ ပုံတွေ အွန်လိုင်းပေါ် တင်လို့ရတော့မှာ မဟုတ်ပါဘူး။ ဆက်သွယ်ရေးသုံး app တွေကလည်း low-speed အင်တာနက်မှာ သုံးမရသလောက် ဖြစ်သွားမှာပါ။ နိုဝင်ဘာလအထိ အချက်အလက်များအရ ဘင်္ဂလားဒေ့ချ်မှာ ရှိတဲ့ လူသန်း ၆၀ ကျော်ဟာ 3G နဲ့4G မိုဘိုင်း အင်တာနက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

         လောလောဆယ်မှာ နိုင်ငံနဲ့အဝှမ်း 2G အင်တာနက်ပဲ ပေးထားတာ ဖြစ်ပြီး ဒါဟာ ဒီဇင်ဘာ ၃၀ ၇က်နေ့မှာ ကျင်းပမယ့် နိုင်ငံ့ရွေးကောက်ပွဲအကြို လူမှုကွန်ရက်နဲ့အွန်လိုင်းပေါ်က ဥပဒေနဲ့မညီတဲ့ လှုပ်ရှားမှုတွေ တက်မလာစေဖို့အစီအစဉ်လည်း ဖြစ်ပါတယ်။ BTRC ရဲ့ အချက်အလက်တွေအရ ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ broadband ဆက်သွယ်မှုပေါင်းဟာ ၅၇.၃၅ သိန်းအထိ ရှိလာပြီလို့ဆိုပါတယ်။

Photo: channel news asia

         ဘင်္ဂလားဒေ့ချ်တယ်လီကွန်း ဆက်သွယ်ရေး စည်းမျဉ်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း BTRC ဟာ သြဂုတ်လထဲမှာ ဖြစ်ပွားခဲ့တဲ့ လမ်းအန္တရာယ်ကင်းရေး ဆန္ဒပြမှုများအတွင်းမှာလည်း ၂၄ နာရီကြာအောင် အင်တာနက်မြန်နှုန်းကို လျှော့ချခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က