ပက်ကွီယိုနဲ့အတူ ရုပ်သံမှာ ပြောခဲ့တာပါ
Nyein Min Wai

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးတစ်ယောက်က ကမ္ဘာကျော်လက်ဝှေ့ Boxer တစ်ဦးကို ကြိုးဝိုင်းထဲ တွေ့ဖို့စိန်ခေါ်တဲ့ သတင်းစကား ပါးလိုက်ပါတယ်။


မာယွင်လို့လည်း ခေါ်တဲ့ ဂျက်မားဟာ ဒေါ်လာ ၄၆၀ ဘီလျံတန် e-Commerce လုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလက အငြိမ်းစားယူထားသူ ဖြစ်ပါတယ်။ Alibaba ကနေ အနားယူပြီးနောက် ဝါသနာပါရာ ပညာရေးနဲ့ပရဟိတပိုင်းသွားချင်တယ်ဆိုတဲ့ ဂျက်မားဟာ ဘက်စုံသုံး ကိုယ်ခံပညာလည်း အတော့်ကို ဝါသနာထုံသူ ဖြစ်ပါတယ်။

Photo: Folio.ng


ဂျက်မားဟာ နာမည်ကျော် ကွန်ဖူးမင်းသားဖြစ်တဲ့ ဂျက်လီနဲ့တွဲပြီး Gong Shou Dao (ခုခံတိုက်ခိုက်နည်း) လို့ခေါ်တဲ့ ၁၈ မိနစ်စာ ရုပ်သံတိုမှာ ထိုက်ချိမာစတာတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ အသက် ၅၅ နှစ် ရှိပြီ ဖြစ်တဲ့ ဂျက်မားဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီယိုနဲ့တွဲပြီး လက်ဝှေ့ရေး ကျင့်နေတဲ့ ဗွီဒီယိုဖိုင်မှာ ပေါ်လာခဲ့ပါတယ်။

မေဝဲလ်သာအတွက် မက်ဆေ့တစ်စောင်လို့ရေးထားတဲ့ ပက်ကွီယိုရဲ့ Twitter မှာ သူနဲ့ဂျက်မား လက်ဝှေ့လေ့ကျင့်နေတဲ့ ဗွီဒီယိုဖိုင် တင်ထားတာပါ။ ၂၇ စက္ကန့်ကြာမြင့်တဲ့ ဒီရုပ်သံဖိုင်ထဲမှာ ပက်ကွီယိုမှ "ဖလွိုက် မေဝဲလ်သာ မင်းတကယ် လက်ဝှေ့စစ်စစ်ထိုးချင်ရင် ငါနဲ့ထိုးမယ်။ တကယ်လို့လက်ဝှေ့ရေးပြချင်တယ်ဆိုရင် ငါ့သူငယ်ချင်း ဂျက်မားက တာဝန်ယူတယ်"လို့စိန်ခေါ်ခဲ့ပါတယ်။





ဂျက်မားကလည်း လက်ဝှေ့ဟန်ရေးပြပြီး "ဟုတ်တယ်။ ငါ့ဘက်က နေရာမရွေး အချိန်မရွေးပဲ။" လို့ပြောခဲ့ပါတယ်။ တစ်ဆက်တည်းပဲ မေလ်ဝဲလ်သာရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ The Money Team ကို လှောင်ပြောင်ပြီး Manny's Team က အဆင့်သင့်ပဲလို့ပြောထားတာ တွေ့ရပါတယ်။

ဂျက်မားဟာ ဒီနှစ်ထဲမှာ ဖိလစ်ပိုင် လက်ဝှေ့ကျော်နဲ့နှစ်ကြိမ်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ဇန်နဝါရီလထဲမှာ သူတို့နှစ်ဦးဟာ ဟောင်ကောင်မှာ အတူဝိုင်သောက်ခဲ့ကြပြီး ဒုတိယအကြိမ်ကတော့ ဟန်ကျိုးမှာ ရှိတဲ့ ဂျက်မားရဲ့ နေအိမ်မှာ ဆုံခဲ့တာပါ။ ပက်ကွီယိုဟာ ၂၀၁၆ ခုနှစ်ကစပြီး ဖိလစ်ပိုင်နိုင်ငံမှာ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပေမယ့် လက်ဝှေ့ကျော် မေဝဲလ်သာနဲ့ကြိုးဝိုင်းထဲ ပြန်ဆုံဖို့ခဏခဏ ကြိုးပမ်းနေပါတယ်။

Photo: Business Insider


၂၀၁၅ ခုနှစ်က ပက်ကွီယိုကို အနိုင်ရခဲ့တဲ့ မေဝဲလ်သာဟာ ၂၀၁၇ ခုနှစ်မှာ ပွဲ ၅၀ နိုင် ရှုံးပွဲမရှိစံချိန်နဲ့လက်ဝှေ့လောကကနေ အနားယူကြောင်းကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလက ဂျပန်နိုင်ငံသား လက်ဝှေ့ကျော် တန်ရှင်နာဆူကာဝါကို ၂ မိနစ်အတွင်း အလဲထိုးခဲ့ပြီး ဒေါ်လာ ၉ သန်းကို အားမစိုက်လိုက်ရဘဲ ရခဲ့ပါတယ်။ ဒီပွဲကိုလည်း ဟန်ရေးပြ ထိုးတဲ့ပွဲအဖြစ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ပက်ကွီယိုဟာ မေဝဲလ်သာနဲ့၂၀၁၅ ခုနှစ်မှာ ပထမဆုံး ထိုးသတ်ခဲ့တာ ဖြစ်ပြီး အမှတ်နဲ့ရှုံးခဲ့ကတည်းက ကြိုးဝိုင်းမှာ ပြန်တွေ့ဖို့စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။ မေဝဲလ်သာ Promotion ကို ကိုင်နေတဲ့ လီယိုနာ့ဒ် အယ်လာဘီကတော့ ပက်ကွီယိုနဲ့ပြန်ထိုးသတ်ဖို့မေဝဲလ်သာအနေနဲ့စိတ်မဝင်စားကြောင်း ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပေမယ့် အသက် ၄၂ နှစ်အရွယ် ပက်ကွီယိုကတော့ နောက်တစ်ကြိမ် ပြန်ထိုးသတ်ဖို့ခုနှစ် ဇန်နဝါရီလထဲမှာ စိန်ခေါ်ခဲ့ပါတယ်။


က္က