TGL သက်တမ်းတိုးပေးမှုကြောင့် Huawei ပေါ် မမျှတစွာ ဆက်ဆံမှုပြောင်းလဲခြင်း ရှိမှာမဟုတ်လို့ဆို

အမေရိကန်ပြည်ထောင်စုအစိုးရအနေနဲ့ Huawei အပေါ် မမျှတတဲ့ ဆက်ဆံမှုကို အဆုံးသတ်ပြီး Entity List စာရင်းကနေ ဖယ်ရှားဖို့ ကုမ္ပဏီဘက်က တောင်းဆိုထားပါတယ်။

နိုဝင်ဘာ ၁၈ ရက် တနင်္လာနေ့က အမေရိကန်စီးပွားကူးသန်းဌာနဟာ Huawei ကို တတိယအကြိမ် ယာယီအထွေထွေလိုင်စင် TGL သက်တမ်းထပ်တိုးပေးကြောင်း ကြေညာပြီးနောက် Huawei ဘက်က အခုလို သဘောထား ထုတ်ပြန်လိုက်တာပါ။ တတိယအကြိမ် ယာယီအထွေထွေ လိုင်စင်သက်တမ်းတိုးခြင်းဟာ Huawei ပေါ် မမျှတစွာ ပြုမူဆက်ဆံလျက်ရှိသည် ဆိုသည့်အချက်ကို ပြောင်းလဲစေခြင်း မရှိဘူးလို့ မီဒီယာတွေကို ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။


Photo: Broadband Breakfast

" အထွေထွေလိုင်စင်ယာယီသက်တမ်းတိုးပေးခြင်းသည် Huawei ၏ စီးပွားရေး လုပ်ငန်းတွေအပေါ် မည်သည့်ဖက်ကမှ ရေရှည်အကျိုးသက်ရောက်မှု ရှိစေနိုင်လိမ့်မည် မဟုတ်ပါ။" လို့ Duwun Tech ဆီပေးပို့တဲ့ Huawei ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနဟာ ပြီးခဲ့တဲ့ မေလထဲမှာ Huawei နဲ့ အတူ နိုင်ငံ ၂၆ နိုင်ငံက အမေရိကန်မဟုတ်တဲ့ မိတ်ဘက်ကုမ္ပဏီ ၆၈ ခုကို ကုန်သွယ်ရေး သီးသန့်စာရင်း Entity List ထဲ ထည့်သွင်းကြောင်း ကြေညာခဲ့ပါတယ်။

Huawei ကို Entity List ထည့်သွင်းတဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာလည်း Huawei ကုမ္ပဏီထက် အမေရိကန်ပြည်ထောင်စုကိုသာ ပိုမိုထိခိုက်စေမယ်လို့လည်း Huawei ဘက်က သဘောထား ထုတ်ပြန်ထားပါတယ်။ Entity List စာရင်းသွင်းခံရခြင်းကြောင့် Huawei နဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းများ သိသိသာသာ အထိနာခဲ့သလို ကမ္ဘာ့ ကုန်ထုတ်လုပ်ရောင်းချမှု ကွင်းဆက်ပေါ် မှီခိုနေရတဲ့ အပြန်အလှန်ယုံကြည်မှု လျော့ပါးစေတယ်လို့ ဆိုပါတယ်။

အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနဟာ မေလ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ် အထွေထွေ ယာယီလိုင်စင်တစ်ခု ထုတ်ပေးခဲ့ပြီး အမေရိကန်နည်းပညာကုမ္ပဏီတွေနဲ့ အရောင်းအဝယ်ခွင့်ပြုခဲ့တာပါ။ ရက် ၉၀ ကြာမြင့်တဲ့ ဒီလိုင်စင်သက်တမ်းဟာ ဩဂုတ်လ ၁၉ ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီးနောက် ဒုတိယအကြိမ် ရက် ၉၀ သက်တမ်း ထပ်မံ တိုးပေးခဲ့ပါတယ်။

Photo: standard


တတိယအကြိမ် ယာယီအထွေထွေလိုင်စင် သက်တမ်းတိုးခြင်းဟာ လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အထွေထွေယာယီ လိုင်စင် ထုတ်ပေးခြင်းဟာ Huawei ကွန်ရက်ပစ္စည်းအစိတ်အပိုင်းတွေပေါ် မှီခိုအားထားနေရတဲ့ အမေရိကန်ကျေးလက်အော်ပရေတာများ ဝန်ဆောင်မှုဆက်လက်ပေးနိုင်ဖို့ ဖြစ်တယ်လို့ အမေရိကန် စီးပွားကူးသန်းအတွင်းဝန် ဝီဘာရော့စ်က ဆိုပါတယ်။

Entity List မသွင်းခင်ကလည်း အမေရိကန်တရားရေးဌာနဟာ Huawei နဲ့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် မန်ဝမ်ကျိုးနဲ့ တစ်ခြား ဆက်နွှယ်နေသူများကို ရာဇဝတ်မှု ၁၃ ခုနဲ့ တရားစွဲထားပါတယ်။ Huawei ကုမ္ပဏီတည်ထောင်သူ ရန်ဇီဖိန်းရဲ့ သမီးလည်း ဖြစ်တဲ့ မန်ဝမ်ကျိုးဟာ အမေရိကန်ဒေါ်လာ ၇.၅ သန်း အာမခံနဲ့ ကနေဒါနိုင်ငံ ဗန်ကူးပါးနေအိမ်မှာ အထိန်းသိမ်းခံထားရပါတယ်။



က္က