ကိုယ့် iPhone ထဲမှာ ထည့်ထားသူတွေပဲ ဆက်ကစားလို့ရမှာ

Fortnite ဂိမ်းအတွင်းမှာ တိုက်ရိုက်ငွေချေစနစ် ထည့်ပြီးနောက် Apple နဲ့ Epic Games အကြား ပြဿနာတက်ခဲ့ကြပါတယ်။ 

Apple ဟာ Fortnite ဂိမ်းအတွင်း in-app payment ကြောင့် App Store ကနေ ဒီဂိမ်းကို ဖြုတ်ချခဲ့တာပါ။ ဒီလို ဖြုတ်ချခဲ့တဲ့အတွက်လည်း Fortnite ကို ရေးဆွဲတဲ့ Epic Games ဟာ Apple ကို တရားပြန်စွဲခဲ့ပါတယ်။ Apple ကလည်း အခုချိန်မှာ App Store ပေါ်မှာ ရှိတဲ့ Epic Games အကောင့်ကို ဖြုတ်ချလိုက်ပြီ ဖြစ်တယ်လို့ Apple Insider သတင်းက ဆိုပါတယ်။




Photo: IBTimes

ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီဟာ Epic ရဲ့ developer အကောင့်ကို ဩဂုတ်လ ၂၈ ရက်နေ့မှာ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။ "App Store ကနေ Epic Games အကောင့်ကို ဖြုတ်ပစ်ရတာကို ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။"လို့ Apple က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဖြုတ်ချလိုက်တာကြောင့် Epic ဂိမ်းကုမ္ပဏီအနေနဲ့ App Store ပေါ်မှာ app သစ်တွေ တင်တာ ၊ app updates တွေ ထည့်တာမျိုးတွေ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ Apple ဝက်ဆိုက်ပေါ်မှာ Epic Games developer အကောင့်ဟာ ဟာလာဟင်းလင်း Web Page တစ်ခုအဖြစ်ပဲ ရှိတော့မှာ ဖြစ်ပြီး Fortnite လည်း App Store ပေါ်မှာ ပျောက်သွားပြီ ဖြစ်ပါတယ်။

Photo: appleinsider

အရင်က ကိုယ့်iPhone ၊ iPad တို့မှာ Fortnite သွင်းထားသူတွေအနေနဲ့ ဒီဂိမ်းကို ဆက်ကစားနိုင်မှာ ဖြစ်ပေမယ့် Update သစ်တွေ တွေ့တော့မှာ မဟုတ်သလို ဖျက်မိရင်လည်း ဒီဂိမ်းကို App Store ပေါ်ကနေ ပြန်ဒေါင်းလုပ်ဆွဲလို့ ရမှာ မဟုတ်တော့ပါဘူး။ 

App Store ပေါ်ကနေ Fortnite ဂိမ်း ဖယ်ရှားခံရပြီးနောက် Apple ဟာ ဈေးကွက်လက်ဝါးကြီးအုပ်မှု လုပ်ဆောင်ကြောင်း Epic Games မှ တရားစွဲခဲ့ပါတယ်။ App Store ဟာ ဂိမ်းအတွင်း ပစ္စည်းဝယ်ယူမှုတွေမှာ ၃၀% ကောက်ခံတာ ဖြစ်ပါတယ်။ Epic Games ဟာ Google ကိုလည်း Play Store မှာ ပိတ်ပင်မှုကြောင့် တရားစွဲထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က