စမတ်ဖုန်းနဲ့semiconductor ထုတ်လုပ်မှုအတွက် လိုတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ တင်ပို့မှု ကန့်သတ်မှာပါ
Nyein Min Wai

ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနဟာ တောင်ကိုရီးယားကို နည်းပညာပစ္စည်းအစိတ်အပိုင်း တစ်ချို့တင်ပို့မှု ကန့်သတ်သွားမယ်လို့ဆိုပါတယ်။

         ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စက်ရုံတွေမှာ တောင်ကိုရီးယားနိုင်ငံသားတွေကို အဓမ္မစေခိုင်းမှုကို လျော်ကြေးပေးရမယ့် ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား အငြင်းအခုံဖြစ်ပြီးနောက် ဒီစည်းမျဉ်းသစ် ထွက်လာတာ ဖြစ်တယ်လို့Nikkei Asian Review မှာ ဖော်ပြထားပါတယ်။ ဂျပန်ကုန်သွယ်ရေး ဝန်ကြီးဌာနကနေ ကန့်သတ်ထားတဲ့ တင်ပို့ကုန်တွေထဲမှာ ခေါက်သိမ်းနိုင် စမတ်ဖုန်း display တွေမှာ သုံးတဲ့ ပလတ်စတစ်လိုမျိုး semiconductor အစိတ်အပိုင်းတွေ ပါဝင်နေပါတယ်။

Photo: Nikkei Asian Review

         ဒီတင်ပို့ကုန် စည်းမျဉ်းသစ်အရ ဂျပန် supplier တွေဟာ တောင်ကိုရီးယား ဝယ်လက်တွေကို သတ်မှတ်ထားတဲ့ ဓါတုပစ္စည်းအစိတ်အပိုင်းတွေ ရောင်းဖို့အတွက် စာချုပ်တစ်ခုချင်းစီမှာ ခွင့်ပြုချက် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဂျပန်ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ တင်ပို့ကုန် စည်းမျဉ်းသစ်ဟာ လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ စတင် အသက်ဝင်တော့မှာပါ။

         တင်ပို့ကုန် ကန့်သတ်မှုအသစ်ထဲမှာ စမတ်ဖုန်းနဲ့flexible OLED display မှာ သုံးတဲ့ ပိုလိုင်မိုက်များ ၊ လျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ဆားကစ်ပုံလောင်းအလွှာနဲ့သန့်ရှင်းရေးသုံး ဟိုက်ဒရိုဂျင် ဖလူရိုက်ဒ်တို့ပါဝင်ပါတယ်။ ဒီပစ္စည်းအစိတ်အပိုင်းတွေကို ဂျပန် supplier တွေဟာ Samsung ၊ LG နဲ့SK Hynix စတဲ့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီတွေကို ရောင်းချနေတာ ဖြစ်ပါတယ်။

         ဂျပန်အစိုးရအနေနဲ့တောင်ကိုရီးယားကိုပါ White List စာရင်းကနေ ဖယ်ရှားဖို့ချိန်ဆနေတယ်လို့လည်း Nikkei Asian Review က ဖော်ပြထားပါတယ်။ ယခု တင်ပို့ကုန် ကန့်သတ်မှုစည်းမျဉ်းသစ်အရ ဂျပန် supplier တွေဟာ ကန့်သတ်ကုန် ပိတ်မှုတစ်ခုအတွက် ခန့်မှန်းခြေ ရက် ၉၀ ကြာအောင် ခွင့်ပြုချက် စောင့်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က