စည်းမျဉ်းနဲ့ ငြိစွန်းရင်တော့ ဒဏ်ရိုက်ခံရဖို့ ရှိပါတယ်
Nyein Min Wai

ယူကေစောင့်ကြည့်အဖွဲ့အစည်းတစ်ခုဟာ Giphy အွန်လိုင်းပလက်ဖောင်းကို Facebook ဝယ်ယူတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ ဆိုပါတယ်။

ယူကေဈေးကွက်ပြိုင်ဆိုင်မှု အာဏာပိုင်အဖွဲ့အစည်း CMA ဟာ Facebook နဲ့ Giphy တို့အကြား အ‌‌ရောင်းအဝယ်ဟာ ယူကေရဲ့ဈေးကွက်ပြိုင်ဆိုင်မှုကို လျှော့ချနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်လာပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ သောကြာနေ့က ထုတ်ပြန်ပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေစဉ်အတွင်း ကုမ္ပဏီနှစ် ပူးပေါင်းမှု ကိစ္စကို ရပ်တန့်ထားဖို့ ပဏာမအမိန့်ကြေညာချက်တစ်ခု ထုတ်ထားတယ်လို့လည်း CNBC သတင်းက ဆိုပါတယ်။

Photo: CNBC

ဒီအမိန့်ကြောင့် Facebook နဲ့ Giphy အကြား ဝန်ထမ်းများ ‌ပြောင်းရွှေ့နေရာချထားမယ့်အရေးလည်း လုပ်နိုင်မှာ မဟုတ်သလို Giphy ရဲ့ နည်းပညာကိုလည်း Facebook ထုတ်ကုန်တွေမှာ သုံးနိုင်ဦးမှာ မဟုတ်ဘူးလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။Facebook အနေနဲ့ စည်းမျဉ်းနဲ့ မကိုက်ညီပါကလည်း ဒဏ်ရိုက်ခံရဖို့ ရှိနေပါတယ်။

Facebook ဟာ ကုမ္ပဏီပိုင် Instagram ရဲ့ သုံးစွဲမှုအတွေ့အကြုံကို မြှင့်တင်ဖို့အတွက် Giphy ကို ပေါင်းစည်းသွားမယ်လို့ အရောင်းအဝယ်အပြီးမှာ ပြောခဲ့ပါတယ်။ Giphy ကို မဝယ်ခင်ကတည်းက ဒီပလက်ဖောင်းကို သုံးစွဲမှုအားလုံးရဲ့ ထက်ဝက်ကျော်ကို Facebook ပိုင် လူမှုကွန်ရက် app တွေက ယူသုံးနေတာ ဖြစ်ပါတယ်။ Giphy ကို ဒေါ်လာ သန်း ၄၀၀ ပေးဝယ်မှုကြောင့် ပြိုင်ဘက်လူမှုကွန်ရက်နဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုများဟာ Giphy API ယူသုံးမှုမှာ ကန့်သတ်ခံလာရဖို့ ရှိပါတယ်။


Photo: Flipboard

လောလောဆယ်မှာ GIF API တွေကို Developers နဲ့ API partners တွေအနေနဲ့ ဆက်ပြီး ရယူနိုင်မှာ ဖြစ်တယ်လို့ Instagram ထုတ်ကုန်ဌာနဒုဥက္ကဌက ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ပြိုင်ဆိုင်မှု အားနည်းသွားပြီး Facebook အနေနဲ့ လက်ဝါးကြီးအုပ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ CMA ကလည်း ဒီအရောင်းအဝယ်ဟာ ယူကေဈေးကွက်အတွင်း ပြိုင်ဆိုင်မှုအား သိသိသာသာ နည်းပါးစေမလားဆိုတာကို စုံစမ်းမှာပါ။

Facebook နဲ့ Giphy ကုမ္ပဏီနှစ်ခုစလုံးဟာ အမေရိကန်မှာ ရုံးချုပ်တည်ရှိတာ ဖြစ်ပေမယ့် ဒီလုပ်ငန်းနှစ်ခုပေါင်းဟာ နိုင်ငံ့ဈေးကွက်မှာ နှစ်စဉ်ဝင်ငွေ ပေါင်သန်း ၇၀ (ဒေါ်လာ ၈၈ သန်း) သို့မဟုတ် သင့်ရာဈေးကွက်တိုင်းရဲ့ ဈေးကွက်ဝေစု အနည်းဆုံး ၂၅% ပိုင်ဆိုင်ထားပါက CMA အနေနဲ့ စုံစမ်းစစ်ဆေးမှု လုပ်နိုင်မှာ ဖြစ်ပါတယ်။ CMA ဟာ အစားအသောက် ပို့ဆောင်ရေး app ဖြစ်တဲ့ Deliveroo ကို ဒေါ်လာ ၅၇၅ သန်းပေးပြီး Amazon ရဲ့ ဝယ်ယူမှုကိုလည်း စုံစမ်းစစ်ဆးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က