၂၀၁၁ ခုနှစ်ကတည်းက ကျင်းပလာတာပါ
Nyein Min Wai

ဆုကြေး ဒေါ်လာ ၁ သောင်းအထိ အမြင့်ဆုံးပေးသွားမယ့် Facebook ရဲ့ ကွန်ပျူတာစွမ်းရည်ပြိုင်ပွဲ Facebook Hacker Cup 2018 မှာ ပြိုင်ပွဲဝင်လိုသူများအနေနဲ့register လက်ခံနေပြီလို့ဆိုပါတယ်။

 

Facebook Hacker Cup 2018 ကို Round ၄ ကြိမ်နဲ့ရွေးချယ်သွားမှာ ဖြစ်ပြီး ပထမဆုံးအကြိမ် အွန်လိုင်းအရည်အချင်းစစ်မှုကို ဇူလိုင် ၆ ရက်ကနေ ၉ ရက်အထိ ၇၂ နာရီသတ်မှတ်ပြီး ရွေးချယ်သွားမယ်လို့ကြေငြာထားပါတယ်။ အရည်အချင်းစစ်ပြိုင်ပွဲမှာ အနည်းဆုံး ပြဿနာတစ်ခု ဖြေဆိုနိုင်သူဟာ Round 1 ကို တက်နိုင်မှာ ဖြစ်ပြီး Round 1 မှာ အနည်းဆုံး ၃၅ မှတ်ရထားသူဟာ Round 2 ကို ရောက်နိုင်မှာပါ။

Round 2 ရောက်လာတဲ့ ပြိုင်ပွဲဝင် ၅၀၀ အတွက်လည်း အမှတ်တရ T-Shirt များ ပေးသွားမှာဖြစ်ပြီး Round 2 ထဲမှ အတော်ဆုံး ပြိုင်ပွဲဝင် ၂၀၀ ဟာ Round 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ Round 3 မှာတစ်ဆင့် အတော်ဆုံး ၂၅ ယောက်ကနေ ပထမ ၊ ဒုတိယ ၊ တတိယ ၊ စတုတ္ထနဲ့ပဉ္စမဆုများ ပေးသွားမယ်လို့ဆိုပါတယ်။ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကိုတော့ အောက်တိုဘာ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ပွဲစဉ်အသေးစိတ်ကို Facebook Hacker Cup 2018 ရဲ့ စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။

 

၂၀၁၁ ခုနှစ်ကစပြီး နှစ်စဉ်ကျင်းပလာခဲ့တဲ့ ဒီပြိုင်ပွဲမှာ ကမ္ဘာအနှံ့မှာရှိတဲ့ နိုင်ငံအသီးသီးမှ programmers ရာပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နည်းပညာပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒီပွဲမှာ ပထမဆု ဒေါ်လာ ၁၀၀၀၀ ၊ ဒုတိယဆု ဒေါ်လာ ၂၀၀၀ ၊ တတိယဆု ဒေါ်လာ ၁၀၀၀ ၊ စတုတ္ထနဲ့ပဉ္စမဆုများအတွက် ဒေါ်လာ ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ဆိုပါတယ်။ Facebook Hacker Cup မှာ နိုင်ငံအလိုက် ပထမဆု အများဆုံး ရထားတဲ့ နိုင်ငံကတော့ ရုရှားဖြစ်ပြီး ၂၀၁၁ ၊ ၂၀၁၃ နဲ့၂၀၁၇ ခုနှစ်ပြိုင်ပွဲများမှာ ရုရှားမှ ပီတာမီထရစ်ချက်ဗ်က ပထမဆု နဲ့၂၀၁၄ ၊ ၂၀၁၅ နှစ်နှစ်ဆက်တိုက် ပထမဆုကို ရရှိထားတာပါ။

 

Facebook ကနေ ကြီးမှူးကျင်းပသွားမယ့် နိုင်ငံတကာ Hacker Cup 2018 ပွဲမှာ မိမိအားသန်ရာ programming language သုံးပြီး ပေးထားတဲ့ ပြဿနာများကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။ Facebook ဟာ ထိပ်တန်း ပရိုဂရမ်မာ အရည်အသွေးရှိသူများကို တစ်ချိန်ချိန်မှာ ကုမ္ပဏီအတွက် ပြန်ပြီး အလုပ်ခန့်ဖို့အတွက် ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပခဲ့တာပါ။


Author


က္က