တရုတ်လူမှုကွန်ရက်နဲ့ အွန်လိုင်းဂိမ်းလုပ်ငန်းစုကြီးတစ်ခု ဖြစ်တဲ့ Tencent ဟာ Facebook ကို ကျော်ဖြတ်ပြီး ကမ္ဘာ့သတ္တမမြောက် တန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်လာခဲ့ပါတယ်။
WeChat လူမှုကွန်ရက် ၊ မိုဘိုင်းငွေပေးချေမှု ၊ Cloud ဝန်ဆောင်မှုတွေ နဲ့ တရုတ်အွန်လိုင်းဂိမ်းတွေ လုပ်ဆောင်နေတဲ့ Tencent ဟာ ဈေးကွက်တန်ဖိုး ၄.၅% (ဟောင်ကောင်ဒေါ်လာ ၅၄၃.၅၀) တိုးလာပြီးနောက် ဈေးကွက်တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၅.၂ ထရီလီယံ (ဒေါ်လာ ၆၇၀ ဘီလျံ) အထိ ရှိလာခဲ့တယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။
Photo: euronews
အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီကြီး ဖြစ်တဲ့ Facebook ကတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၆၅၇.၈ ဘီလျံ ရှိခဲ့တာပါ။ Tencent ဟာ ဒီနှစ်ထဲ ဟောင်ကောင်ဈေးကွက်မှာ ရင်းနှီးမြှပ်နှံမှု ၄၅% မြင့်တက်ခဲ့ပြီး ရင်းနှီးမြှပ်နှံသူတွေအတွက် ဟောင်ကေင်ဒေါ်လာ ၁.၆ ထရီလီယံ ထပ်ဝင်စေခဲ့တာ ဖြစ်ပါတယ်။ Facebook ကတော့ နယူးယော့ခ်မှာ ၁၄% ခန့် ရခဲ့ပါတယ်။
တရုတ်နည်းပညာကုမ္ပဏီ Alibaba ဟလည်း ဈေးကွက်တန်ဖိုး ဒေါ်လာ ၆၇၇.၄ ဘီလျံခန့်နဲ့ ကမ္ဘာ့ဆဌမမြောက် တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီစာရင်းမှာ အမေရိကန်နည်းပညာကုမ္ပဏီတွေဟာ ကာလရှည် ကြီးစိုးနေခဲ့ပေမယ့် တရုတ်ကုမ္ပဏီတွေလည်း ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီစာရင်းမှာ နောက်ထပ်အသစ်တွေ မြင်ရဖို့ ရှိနေပါတယ်။
“တရုတ်နိုင်ငံရဲ့ GDP ဖွံ့ဖြိုးလာမှုနဲ့အတူ နောက်ထပ်လည်း Top 10 တို့ Top 100 ကုမ္ပဏီတို့ကို့မှာ တရုတ်ကုမ္ပဏီတွေ ပိုပိုပြီး တွေ့ရဖို့ နိုင်ပါတယ်။” လို့ Everbright Sun Hung Kai မှ ဓနစီမံခန့်ခွဲမှုဗျူဟာရေးဆွဲသူ ကင်နီဝမ်က ဆိုပါတယ်။
Photo: ejinsight
လက်ရှိကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီဟာ Aramco လို့ လူသိများတဲ့ Saudi Arabian Oil လောင်စာဆီကုမ္ပဏီဖြစ်ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၇၅ ထရီလီယံ တန်ပါတယ်။ ဒုတိယဈေးကွက် တန်ဖိုးအကြီးဆုံးကုမ္ပဏီကတော့ iPhone Maker ကြီး ဖြစ်တဲ့ Apple ဖြစ်ပြီး ဈေးကွက်တန်ဖိုးကတော့ ဒေါ်လာ ၁.၆၁ ထရီလီယံ ဖြစ်ပါတယ်။
Tencent တည်ထောင်သူ ပိုနီမား ဟွာတန်ဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ၂၀ ဦးမြောက်လည်း ဖြစ်ပါတယ်။ Bloomberg ဘီလျံနာအညွှန်းကိန်းအရ ပိုနီမားဟွာတန်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၅၂.၂ ဘီလျံ ရှိပြီး ဒေါ်လာ ၅၀.၅ ဘီလျံ ကြွယ်ဝတဲ့ Alibaba တည်ထောင်သူ ဂျက်မားထက် ပိုချမ်းသာတယ်လို့ ဆိုပါတယ်။