အဖွဲ့ဝင် ၄၀ အထိ တိုးချဲ့ခန့်အပ်သွားမှာပါ
Nyein Min Wai

လူမှုကွန်ရက်ကုမ္ပဏီ Facebook ရဲ့ လွတ်လပ်တဲ့ စောင့်ကြည့်ထိန်းကျောင်းရေးဘုတ်အဖွဲ့မှာ နိုဗဲလ်ဆုရှင်တစ်ဦးနဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦးတို့လည်း ပါဝင်လာပါတယ်။

Facebook ရဲ့ စောင့်ကြည့်ရေးအဖွဲ့ Oversight Board မှာ ပါတဲ့ ပထမဆုံးအသုတ် လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ အဖွဲ့ဝင် ၂၀ ဦးရဲ့နာမည်တွေကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ နောက်ခံအနေအထားနဲ့ အမြင်အမျိုးမျိုး ရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ Facebook စောင့်ကြည့်ရေးဘုတ်အဖွဲ့မှာ ဝန်ကြီးချုပ်ဟောင်းတစ်ဦး ၊ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးနဲ့ စနိုးဒင်ပေါက်ကြားမှု သတင်းတွေကို စိစစ်ခဲ့တဲ့ ဂါးဒီးယန်းအယ်ဒီတာတစ်ဦးတို့ ပါဝင်တယ်လို့ The Verge သတင်းက ဆိုပါတယ်။

ဒိန်းမတ် ဝန်ကြီးချုပ်ဟောင်း ဟယ်လီ သော်််််နင်း ရှမစ်ဒ် (Photo: Britannica)

Oversight Board မှာ Facebook ဟာ ပူးတွဲဥက္ကဌ ၄ ဦး ခန့်အပ်ထားပြီး ကမ္ဘာအရပ်ရပ်က အဖွဲ့ဝင် ၁၆ ဦး ပါဝင်ကြောင်း ကြေညာထားပါတယ်။ ဒီအဖွဲ့ဝင်တွေဟာ ဘာသာစကား ၂၇ မျိုးကျော် ပြောဆိုကြပြီး မတူကွဲပြားတဲ့ အသက်မွေးမှု ၊ ယဉ်ကျေးမှု ၊ နိုင်ငံရေး ၊ ဘာသာရေးနောက်ခံနဲ့အမြင်တွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် အရေအတွက်ကို လူပေါင်း ၄၀ အထိ ထပ်တိုးဖို့လည်း ရှိပါတယ်။

ပူးတွဲဥက္ကဌ သဘာပတိ ၄ ဦးအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမေရိကန်ပါမောက္ခနှစ်ဦးဖြစ်တဲ့ စတန်းဖို့ဒ်မှ မိုက်ကယ် မက်ကောနယ် နဲ့ ကိုလံဘီယာမှ ဂျာမဲလ်ဂရင်းန် ၊ ကိုလံဘီယာမှ ထင်ရှားတဲ့ ဥပဒေကျောင်းတစ်ခုမှ မဟာဌာနမှူးဖြစ်သူ ကတ်တလီနာ ဘိုတာရိုမာရီနိုနဲ့ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဟယ်လီ‌သော်နင်းရှမစ်ဒ် တို့က တာဝန်ယူမှာပါ။

Facebook ပလက်ဖောင်းပေါ်က အကြောင်းအရာတွေကို စောင့်ကြည့်ထိန်းကျောင်းသွားမယ့် Oversight Board အဖွဲ့မှာ လူ့အခွင့်အရေးသမား လှုပ်ရှားသူ ၊ ဥပဒေရေးရာ ကျွမ်းကျင်သူ ၊ တရားစီရင်ရေးဆိုင်ရာ ပညာရှင်နှင့် သတင်းအယ်ဒီတာ တို့ ပါဝင်ပါတယ်။ ဒီဘုတ်အဖွဲ့ဟာ လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သုံးစွဲသူနဲ့ Facebook နှစ်ဘက်စလုံးက တင်ပြတဲ့ အကြောင်းအရာတွေကို စိစစ်သုံးသပ်သွားမှာပါ။

Photo: politico

ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပြည်သူအများ သိရှိနိုင်အောင် ချပြသွားမှာ ဖြစ်ပြီး ကန့်ကွက်သူတွေအနေနဲ့လည်း ထပ်မံအယူခံဝင်နိုင်မယ်လို့ ဆိုပါတယ်။ Oversight Board အဖွဲ့ဟာ လူမှုကွန်ရက်ပေါ်က အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာများ ၊ လူမှုကွန်ရက်စံချိုးဖောက်မှု လုပ်ရပ်များ တားဆီးသွားမှာ ဖြစ်တဲ့အပြင် Facebook ရဲ့ ကြော်ငြာကိစ္စ‌တွေကိုပါ အဆုံးအဖြတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Oversight Board အဖွဲ့အတွက် ပဏာမရန်ပုံငွေ ဒေါ်လာသန်း ၁၃၀ မတည်မှာ ဖြစ်ပြီး ရုံးခန်းနေရာ ၊ ဝန်ထမ်းစရိတ်နဲ့ ခရီးသွားကုန်ကျငွေတွေကို Facebook က ထုတ်ပေးသွားမှာပါ။ ဒီပဏာမ ရန်ပုံငွေဟာ ၆ နှစ် (သို့မဟုတ်) သုံးနှစ်သက်တမ်း ၂ ကြိမ်အထိ ပေးသွားမှာ ဖြစ်ပြီး ပထမ ၆ နှစ်ကုန်ဆုံးချိန်မှာလည်း နောက်ထပ် ရန်ပုံငွေတွေ ပေးသွားမယ်လို့ Engadget သတင်းက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က