Galaxy Fold ထက် ပိုပြီး မျှော်လင့်ထားတာပါ

ဒုတိယမျိုးဆက် ခေါက်သိမ်းနိုင် စမတ်ဖုန်းအပေါ် Samsung ဟာ မျှော်လင့်ချက်ကြီးကြီး ထားနေပါတယ်။


ပြီးခဲ့တဲ့နှစ်က ပထမဆုံးဈေးကွက်ဝင်လာတဲ့ Samsung ရဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Fold ဟာ အလုံးရေ ၄ သိန်းနဲ့ ၅ သိန်းအကြား တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ CES 2020 ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ The Korea Herald သတင်းအရ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ Samsung ဟာ Galaxy Z Flip အလုံးရေ ၂.၅ သန်းဝန်းကျင် တင်ပို့နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။




Photo: androidpolice

စက်ရုံသတင်းတွေအရ Samsung ဟာ ပထမအသုတ်အနေနဲ့ Galaxy Z Flip ပေါင်း ၅ သိန်းဝန်းကျင်ကို စတင် ဖြန့်ချိသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဈေးကွက် တောင်းဆိုမှုတွေ ရှိလာရင်တော့ နောက်ထပ် အလုံးရေ ၂ သန်း ထုတ်လုပ်သွားဖို့လည်း ရည်ရွယ်ထားတာပါ။ Galaxy Z Flip ရဲ့ ဈေးနှုန်း အတိအကျ မကြေညာရသေးပေမယ့် အရင်ထွက်ထားတဲ့ Galayx Fold ထက် အတော်လေး ဈေးသက်သာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

လတ်တလော သတင်းတွေမှာတော့ Galaxy Z Flip ဟာ ကိုရီးယားဝမ် ၁.၅ သန်း ( ဒေါ်လာ ၁၂၆၀ ခန့်) ကျသင့်မယ်လို့ ဖော်ပြနေကြပါတယ်။ ၂၀၁၉ မှာ ထွက်ခဲ့တဲ့ Galaxy Fold ကို ကိုရီးယားဝမ် ၂.၃ သန်း ( ဒေါ်လာ ၁၉၄၀) ဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက် လေ့လာသူ တစ်ချို့ကတော့ Galaxy Z Flip ဟာ ဈေးပိုသက်သာပေမယ့် အလုံးရေ ၂.၅ သန်းအထိ တင်ပို့နိုင်ဖို့ဆိုတာ စိန်ခေါ်မှု ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

Photo: androidheadlines

Galaxy Z Flip ဟာ ဒီဇိုင်းပိုင်းမှာ Galaxy Fold နဲ့ ခြားနားကွဲပြားလွန်းတဲ့ clamshell ဒီဇိုင်း ထက်ဝက်ခေါက်ချိုးနိုင် စမတ်ဖုန်းအဖြစ် မြင်ရမှာပါ။ မိန်းကလေးများ အကြိုက်များမယ့် ဒီဇိုင်းနဲ့ လာတဲ့ ဒီဖုန်းဟာ မျက်နှာပြင် အရွယ်အစား ၆.၇ လက်မရှိပြီး Snapdragon 855+ processor ၊ ကျောဘက် dual-camera စနစ် ၊ 10MP selfie ကင်မရာ အပြင် wireless charging စနစ် ပါတဲ့ 3300mAh ဘက်ထရီ သုံးသွားဖို့ ရှိပါတယ်။‌

ဖေဖော်ဝါရီ ၁၁ ရက်မှာ Galaxy S20 ၊ Galaxy S20+ နဲ့ Galaxy S20 Ultra တို့နဲ့အတူ Galaxy Z Flip ကို မိတ်ဆက်သွားမှာ ဖြစ်ပြီး လောလောဆယ် သတင်းတွေအရ ခရမ်းရောင်နဲ့ အနက်ရောင် နှစ်မျိုးပဲ ထွက်ရှိမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က