DeepMind AI ဟာ False Positives နဲ့False Negatives စစ်ချက်တွေကို ပိုတိကျစေပါတယ်

Google ရဲ့ ကျန်းမာရေးဌာနက တီထွင်ထားတဲ့ AI နည်းပညာဟာ ရင်သားကင်ဆာလေ့လာချက်မှာ ဓါတ်မှန်ပညာရှင်တွေထက် ပိုမို တိကျအောင် တွက်ချက်နိုင်တယ်လို့ ဆိုပါတယ်။

သိပ္ပံဂျာနယ်တစ်စောင်ဖြစ်တဲ့ Nature မှာ ရေးသားဖော်ပြထားတဲ့ စာတမ်းတစ်စောင်အရ Google Health ၊ Google မိခင်ကုမ္ပဏီ Alphabet ရဲ့ DeepMind ဌာနနဲ့ ယူကေ ၊ အမေရိကတက္ကသိုလ်တွေမှာ ရှိတဲ့ ကျွမ်းကျင်သူတွေဟာ AI မော်ဒယ်တစ်ခုတည်ဆောက်ခဲ့ပြီး လူနာတွေမှာ ကင်ဆာရှိမရှိကို သရုပ်ခွဲမှုမှာ ကြုံတတ်တဲ့ အမှားတွေကို လျှော့ချနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။



Photo: themediahq

အမျိုးသမီးတွေမှာ အများဆုံးကြုံတွေ့နေရတဲ့ ရင်သားကင်ဆာလက္ခဏာနဲ့ ပတ်သက်ပြီး X-rays စကင်ဖတ်စစ်ချက်ကို ဖတ်ခြင်းဟာ မှားယွင်းနိုင်ပြီး ဆေးကုသမှုဆိုင်ရာမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံတွေ့လေ့ရှိပါတယ်။DeepMind ကနေ ထုတ်ထားတဲ့ AI မော်ဒယ်ကတော့ ကျွမ်းကျင်ပညာရှင်တွေထက် ကင်ဆာလက္ခဏာကို အမှားအယွင်း ပိုနည်းနည်းနဲ့ ရှာဖွေသိရှိနိုင်တယ်လို့ ဆိုပါတယ်။

DeepMind ဟာ အမေရိကန်နဲ့ ယူကေမှာရှိတဲ့ လူနာတွေဆီက အမျိုးအမည်ဖော်ပြမထားတဲ့ အချက်အလက်တွေ အသုံးပြုပြီး AI ကို လေ့ကျင့်ပေးခဲ့တာပါ။ ဒီ AI model ဟာ ယူကေက လူနာအမျိုးသမီး ၇၆၀၀၀ ကျော်နဲ့ အမေရိကန်က လူနာ ၁၅၀၀၀ ဆီက ဓါတ်မှန်ပုံရိပ် အချက်အလက်တွေ အသုံးပြုခဲ့ပါတယ်။ လေ့ကျင့်တည်ဆောက်ထားတဲ့ AI ဟာ ရောဂါရှိကြောင်း မှားပြောနိုင်ခြေကို ၅.၇% လျှော့ချပေးပြီး မရှိကြောင်း တလွဲသုံးသပ်မှုကို ၉.၅% အထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကတော့ အမေရိကန်မှာ စမ်းသပ်စဉ်က တွေ့ခဲ့တဲ့ ရလဒ်ပါ။ ယူကေမှာတော့ AI model ရဲ့ ရောဂါရှာဖွေရေး တိကျမှုဟာ နည်းနည်း လျော့ကျသွားပါတယ်။ ယူကေမှာတော့ ရောဂါရှိ/မရှိ မှားယွင်း သုံးသပ်မှုကို လျှော့ချနိုင်တဲ့ ရာခိုင်နှုန်းဟာ ၁.၂ နဲ့ ၂.၇ စီ ရှိတယ်လို့ ဆိုပါတယ်။ လူသား ဓါတ်မှန်ပညာရှင်တွေဟာ လူနာရဲ့ ရောဂါရာဇဝင်နဲ့ အရင်က ဓါတ်မှန်ပုံရိပ်တွေကို ဖတ်ပြီး ရောဂါရှိမရှိဆိုတာကို အကဲဖြတ်တာပါ။

"AI က ဒီကိစ္စတစ်ခုတည်းကိုပဲ ထပ်တလဲလဲ တွက်ချက်တဲ့နေရာမှာ တကယ်တော်ပါတယ်။ ဒါကြောင့်ပဲ အကြိမ် ၁ သောင်း ရှာမှ တစ်ကြိမ်ပဲ ပေါ်လာမယ့် လက္ခဏာတစ်ခုတောင် ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် အစက ဒါဟာ ဆရာဝန်တွေထက်တော့ ပိုကောင်းမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့တာ။ အံ့ဩရပါတယ်" လို့ စာတမ်းမှာ ပါဝင်ရေးသားခဲ့သူလည်း ဖြစ်တဲ့ နော့ဝက်စသန်းတက္ကသိုလ် ဇီဝဆေးအင်ဂျင်နီယာပိုင် လက်ထောက်အကူ ပါမောက္ခ ဒေါက်တာ မိုဇီယာအီတီမတ်ဒီက ဆိုပါတယ်။

အမေရိကန်ကင်ဆာအစည်းအရုံးရဲ့ အဆိုအရ ဓါတ်မှန်ဖတ်ပီး ရင်သားကင်ဆာရှာခြင်းဟာ ၅ ခုမှာ တစ်ခုမှားတတ်တယ်လို့ ဆိုပါတယ်။AI ကတော့ လူနာတစ်ယောက်ချင်းစီရဲ့ နောက်ဆုံးရ ဓါတ်မှန်ပုံရိပ်တွေပဲ ယူပြီး ကျွမ်းကျင်သူတွေထက် ပိုပြီး တိကျတဲ့ အဆုံးအဖြတ် ထုတ်ပေးပါတယ်။ ဒီလို တွက်ချက်ရာမှာလည်း AI မော်ဒယ်ဟာ လူနာတွေရဲ့ မတူညီတဲ့ လူဦးရေအလိုက် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းသုံးသပ်နိုင်တယ်လို့ ဆိုပါတယ်။


Photo: OAN

ဆယ်နှစ်ကြာတိုင်း အမျိုးသမီးအားလုံးရဲ့ ထက်ဝက်ကျော်ဟာ ရင်သားကင်ဆာရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ စစ်ဆေးချက်တွေကြောင့် မလိုလားအပ်တဲ့ ကုထုံးတွေလုပ်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်အတွင်း ဒီလို မှားယွင်းတဲ့ ရောဂါအဖြေရှာမှုကြောင့် ဒေါ်လာ ၄ ဘီလျံကျော်ဖို့ ကုန်ကျမှုရှိခဲ့တယ်လို့ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးဂျာနယ်တစ်စောင်ရဲ့ လေ့လာမှုက ဖော်ပြထားပါတယ်။

Google ပိုင် DeepMind ရဲ့ AI နည်းပညာတွေဟာ ကျန်းမာရေးနဲ့ ဆေးဝါးကုသမှုပိုင်းအတွက် အသုံးပြုထားပြီး အရင်ကလည်း မျက်စိရောဂါနဲ့ ကျောက်ကပ်ဝေဒနာ ဖြစ်ပွားနိုင်ခြေကို လေ့လာရာမှာ သုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ယူကေ အမျိုးသားကျန်းမာရေးစနစ် NHS နဲ့ ချိတ်ဆက်ပြီး လူနာပေါင်း ၁.၆ သန်းဆီက အချက်အလက်တွေကို ကာယကံရှင်တွေ မသိဘဲ ရယူမှုနဲ့ DeepMind ဟာ ၁၉၉၈ ခုနှစ် အချက်အလက်ကာကွယ်ရေးအက်ဥပဒေချိုးဖောက်ကြောင်း ယူကေ သတင်းအချက်အလက် ကော်မရှင်နာရုံး ICO က ဆုံးဖြတ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က