နိုင်ငံတကာဈေးကွက်မှာတော့ အခက်တွေ့နိုင်ပါတယ်
Nyein Min Wai

Huawei တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ရန်ဇီဖိန်းကတော့ Google ဆော့ဖ်ဝဲလ်နဲ့ apps တွေ မပါလည်း Huawei ဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး တယ်လီကွန်းပစ္စည်းထုတ်လုပ်သူဖြစ်တဲ့ Huawei ဟာ ဒီနှစ်ထဲမှာ Samsung ကို ကျော်ြဖတ်ပြီး ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်လာဖို့ အလားအလာကောင်းတွေ ရထားချိန်မှာ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးကန့်သတ်ခံရမှုကြောင့် ဒုတိယအကြီးဆုံး စမတ်ဖုန်းနေရာနဲ့ပဲ ရပ်တည်နေခဲ့တာပါ။


ကုန်သွယ်ရေး ကန့်သတ်ခံရမှုကြောင့် Huawei ဟာ အမေရိကန်အစိုးရဆီက လိုင်စင်ရမှ Google ၊ Intel နဲ့ Broadcom တို့ဆီက ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူနိုင်တဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ပါတယ်။


Photo: CNN Business

ဒါကြောင့်ပဲ Huawei ရဲ့ နောက်ဆုံးထွက် ဖုန်းတွေမှာ Google Play Store သုံးမရတော့သလို Facebook ၊ Uber နဲ့ Google Maps လို app တွေလည်း ပါမလာတော့ပါဘူး။ တရုတ်ဈေးကွက်အတွက် ပြဿနာမရှိပေမယ့် နိုင်ငံတကာဈေးကွက်ဝေစု ရှယ်ယာပိုင် ထိခိုက်လာနေပါတယ်။ CNN Business နဲ့ တွေ့ဆုံခန်းတစ်ခုမှာ Huawei ဟာ Google မပါဘဲ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်နိုင်သလားလို့ မစ္စတာ ရန်ဇီဖိန်းကို မေးခဲ့ချိန်မှာ ပြဿနာရှိမယ်လို့ မထင်ကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်စီးပွားကူးသန်းဌာနဟာ Huawei နဲ့ အရောင်းအဝယ်လုပ်ဖို့ Microsoft ကို လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ ဒီလိုင်စင်ကြောင့် Microsoft ဟာ Huawei ရဲ့ MateBook D series လက်ပ်တော့သစ်တွေမှာ Windows 10 ပံ့ပိုးပေးနိုင်မှာပါ။ ဌာနရဲ့ အဆိုအရ Huawei နဲ့ အရောင်းအဝယ်လုပ်ဖို့ လိုင်စင်လျှောက်ထားမှုပေါင်း ၃၀၀ ခန့်ရထားပြီး လျှောက်လွှာ ၄ ပုံ ၁ ပုံကို ပယ်ချထားတယ်လို့ ဆိုပါတယ်။ အပယ်ခံရတဲ့ အထဲမှာ Google ပါသလားဆိုတာကတော့ မသိရသေးပါဘူး။

Photo: Duwun Tech

Huawei အနေနဲ့ ဖြစ်နိုင်ရင် Google နဲ့ပဲ အလုပ်လုပ်ချင်တယ်ဆိုပေမယ့် အရန်အစီအစဉ် ကြီးကြီးမားမားလည်း လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ Huawei ဟာ Harmony လို့ ခေါ်တဲ့ ကိုယ်ပိုင် OS နဲ့ App Store တစ်ခု ထုတ်လုပ်ထားပါတယ်။ Harmony OS ကို Honor Vision စမတ်တီဗွီမှာ စပြီး အသုံးပြုထားပြီး App Store မှာတော့ ဒေါင်းလုပ်ဆွဲနိုင်တဲ့ app ပေါင်း ၄၅၀၀၀ ပဲ ရှိပါတယ်။

Google Play Store မှာတော့ app ပေါင်း ၂.၈ သန်းခန့် တင်ထားတာပါ။ တကယ်လို့ Google သာ Huawei နဲ့ ကုန်သွယ်မှု လုပ်ဖို့ လိုင်စင်မရခဲ့ရင်တော့ နိုင်ငံတကာဈေးကွက်မှာ Huawei စမတ်ဖုန်းတွေ ပွဲတိုးဖို့ အခက်တွေ့နိုင်ပါတယ်။


Author


က္က