Sony နဲ့ Nintendo တို့ ပူးပေါင်းဖို့ စီစဉ်ချိန်က ထုတ်ခဲ့တဲ့ နမူနာမော်ဒယ်ပါ

ဈေးကွက်ထဲ မရောက်ခဲ့တဲ့ Prototype မော်ဒယ် Nintendo Play Station ဂိမ်းစက်တစ်လုံးကို ဗွီဒီယိုဂိမ်းစုဆောင်းသူတစ်ဦးက ဒေါ်လာ ၃၆၀၀၀၀ ဈေးနဲ့ ဝယ်ယူသွားပါတယ်။




Pets.com နဲ့ Toys.com တို့ကို တည်ထောင်ခဲ့သူ ဂရက်မက်လီမိုးဆိုသူက ယခုသတင်းပတ်အကုန် လေလံပွဲကနေ ဝယ်ယူသွားတာ ဖြစ်တယ်လို့ CNN သတင်းက ဆိုပါတယ်။ ဂရက်ဟာ Nintendo Play Station ဂိမ်းစက်ကို Oculus VR တည်ထောင်သူ ပယ်လ်မာလပ်ကီးအပါအဝင် တစ်ခြား စုဆောင်းသူတွေကို ကျော်ဖြတ်ပြီး လေလံအောင်သွားတာပါ။

Photo: techthelead

Heritage Auctions လေလံမှာ ရောင်းချခဲ့တဲ့ ဒီဂိမ်းစက်ဟာ ‌ဈေးအကြီးဆုံး ဂိမ်းပစ္စည်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Nintendo Play Station ဂိမ်းစက်ဟာ ဂျပန်ဂိမ်းကုမ္ပဏီကြီးနှစ်ခု ဖြစ်တဲ့ Sony နဲ့ Nintendo တို့ရဲ့ အထမမြောက်လိုက်တဲ့ ပူးပေါင်းမှုမှာ ကျန်ခဲ့တဲ့ Prototype မော်ဒယ်အလုံး ၂၀၀ ထဲက တစ်လုံး ဖြစ်ပါတယ်။

Sony ဟာ ၁၉၉၄ ခုနှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး Play Station စက်ကို ဖြန့်ချိခဲ့ပါတယ်။ Polygon သတင်းအရ ယခုလေလံတင်ရောင်းချခဲ့တဲ့ Nintendo Play Station နမူနာမော်ဒဘ်ကို Sony Computer Entertainment ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း အိုလက်ဖ်အိုလက်ဖ်ဆန် ပိုင်ဆိုင်ခဲ့တဲ့ သေတ္တာတစ်လုံးထဲကနေ တယ်ရီ ဒိုင်ဘိုးဆိုသူက ရှာတွေ့ခဲ့တာပါ။

သူတို့နှစ်ဦးဟာ Advanta Corporation မှာ အတူတူ အလုပ်လုပ်ခဲ့ပြီး အိုလက်ဖ်ဆန်ဟာ ၁၉၉၆ မှာ Advanta ကနေ အလုပ်ထွက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကုမ္ပဏီ ဒေဝါလီခံသွားပြီးနောက် Private Auction အဖြစ် လေလံခွဲလိုက်တဲ့ ပစ္စည်းတွေထဲမှာ ဒီဂိမ်းစက်ပါလာပြီး ဒိုင်ဘိုးလက်ထဲ ၇၅ ဒေါ်လာနဲ့ရောက်လာတာ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်က Sony နဲ့ Nintendo တို့ဟာ လက်တွဲသွားမယ်လို့ ကြေညာခဲ့ပေမယ့် သဘောတူညီမှု အတည်မဖြစ်ခင်မှာ Nintendo Play Station ဂိမ်းစက် ၂၀၀ ပဲ ထုတ်လုပ်ဖြစ်ခဲ့တာပါ။ Nintendo Play Station ဆိုတဲ့ နာမည်ကလည်း CD တွေကို ပံ့ပိုးတဲ့ Super Nintendo ဖျော်ဖြေရေးစနစ် ဗားရှင်းတစ်ခုအဖြစ် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

Photo:

"ကျန်တဲ့ နမူနာမော်ဒယ် ၁၉၉ ခုကတော့ Nintendo နဲ့ Sony တို့အကြား ပူးပေါင်းမှု မလုပ်ဖြစ်တဲ့နောက် ဖျက်ဆီးခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ သိပ်တော့ မသေချာပါဘူး။ ဒီစက်တစ်လုံးပဲ ရှားရှားပါးပါး ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်" လို့ ဂိမ်းစက်လေလံတင်ပွဲ ကျင်းပခဲ့တဲ့ Heritage Auctions ရဲ့ ပိုင်ရှင်လွှဲပြောင်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဗယ်လာရီ မက်လက်ကီးက ပြောပါတယ်။

နော်ဝေးမှ စုဆောင်းသူတစ်ဦးဟာ လေလံပွဲမတိုင်ခင်က ဒီဂိမ်းစက်ကို ဒေါ်လာ ၁.၂ သန်းပေး ဝယ်ခဲ့ပေမယ့် ပိုင်ရှင်ဖြစ်တဲ့ ဒိုင်ဘိုးက ရောင်းချဖို့ ငြင်းဆိုခဲ့တယ်လို့ The Sun သတင်းစာမှာ ဖော်ပြထားပါတယ်။ Nintendo Play Station ဂိမ်းစက်ကို ဝယ်နိုင်ခဲ့သူ မက်လီမိုးကတော့ အလားတူ စုဆောင်းထားတဲ့ ဂိမ်းပစ္စည်း အမျိုး ၈၀၀ နဲ့အတူ ပြတိုက်တစ်ခု ဖွင့်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က