ပြိုင်ပွဲအတွင်း စုစုပေါင်း ကျပ် သိန်း ၁၀၀ နီးပါး ဆုချီးမြှင့်ခဲ့တာပါ
Nyein Min Wai

မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့အကြီးကျယ်ဆုံး အီလက်ထရောနစ် ဂိမ်းပြိုင်ပွဲနဲ့ပြပွဲကြီးတစ်ခု ဖြစ်တဲ့ HOGCon 2018 ရဲ့ ၅ ရက်တာ ပြိုင်ပွဲကာလ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ပြည်တွင်း တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ Ooredoo နဲ့HOG e-Sport Center တို့ပူးပေါင်းပြီး ကျင်းပလိုက်တဲ့ ပထမဆုံးအကြိမ် အီလက်ထရောနစ် ဂိမ်းပြိုင်ပွဲ HOGCon 2018 ခေါင်းစဉ်အောက်ကနေ Dota 2 ပြိုင်ပွဲ ဖြစ်တဲ့ HOG Masters Dota 2 မှာ ပထမဆု ၂၅ သိန်းကျပ်အပြင် စုစုပေါင်း ကျပ် ၆၇ သိန်းတန် ဆုကြေးများ ပေးအပ်ခဲ့ပါတယ်။

HOG Masters Dota 2 Grand-Final ပွဲမှာ ပြည်တွင်းအကောင်းဆုံး Dota 2 players ၁၆ ဖွဲ့ယှဉ်ပြိုင်ခဲ့ပြီး Team Verteran က ချန်ပီယံအဖြစ် ပထမဆု ရရှိသွားခဲ့ပါတယ်။ ဒီပွဲနဲ့အတူ မြန်မာနိုင်ငံရဲ့ ပထမဆုံး PUBG Tournament ပြိုင်ပွဲ ဂိမ်းဇာတ်ကောင်များအတိုင်း ဝတ်စားဆင်ယင်မှု ပြိုင်ပွဲ Grand CosPlay များကိုလည်း ထည့်သွင်းကျင်းပခဲ့တာပါ။

HOGCon 2018 ပြိုင်ပွဲတစ်ခုလုံးအတွက် ဆုကြေးပေါင်း သိန်း ၁၀၀ နီးပါး ပေးအပ်ခဲ့ပြီး ဂိမ်းနဲ့ဆက်စပ်နေတဲ့ ဇာတ်ကောင်ဒီဇိုင်း ၊ ဂိမ်းဒီဇိုင်း နဲ့အခြား ဂိမ်းနဲ့ဆက်စပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးဖို့ပါ ရည်ရွယ်ထားတယ်လို့ HOG e-Sports Center ရဲ့ ပူးတွဲတည်ထောင်သူ ကိုစိုပြည်အောင်က ဆိုပါတယ်။ HOGCon 2018 ကို ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၁ ရက်နေ့အထိ ကမာရွတ်မြို့နယ် ၊ မာလာမြိုင်လမ်းမှာ ရှိတဲ့ HOG e-Sport Center မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲအလိုက် ဆုရရှိတဲ့ အသင်းများကို ဇူလိုင် ၁ ရက်နေ့က ဆုချီးမြှင့်ခဲ့တာပါ။

 

HOGCon 2018 ပွဲမှာ Myanmar Creative Technology University (MCTC) မှ ဒီဂျစ်တယ်ပုံဆွဲခြင်းဆိုင်ရာ Digital Art Show နဲ့အတူ ပြည်တွင်း ဂိမ်းနဲ့ဆော့ဖ်ဝဲလ်ကုမ္ပဏီများလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။


Author


က္က