ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီနေရာအတွက် အခြေအနေကောင်းတွေ ရထားပါတယ်

လာမယ့် ၂၀၂၀ မှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် Samsung ကို ကျော်ဖြတ်ဖို့ရည်ရွယ်ထားတဲ့ Huawei ရဲ့ မျှော်မှန်းချက်တွေဟာ ဘေးကျပ်နံကျပ် အခြေအနေကို ရောက်ရှိနေပါတယ်။ ဒီအခြေအနေကြောင့် Samsung ဟာ စမတ်ဖုန်းဈေးကွက်မှာ ပြိုင်ဘက်ကင်း စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်လာမလား။

Photo: SCMP



         ပြီးခဲ့တဲ့အပတ် မေလ ၁၅ ရက်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အိုင်တီနဲ့ဆက်သွယ်ရေးဆိုင်ရာ အရေးပေါ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်ထဲမှာ Huawei အပါအဝင် ကုမ္ပဏီ ၆၈ ခုကို နာမည်ပျက်စာရင်းသွင်းကာ အမေရိကန်ကုမ္ပဏီတွေနဲ့စီးပွားရေး ပတ်သက်ခွင့်ကို ကန့်သတ် ပိတ်ပင်ခဲ့ပါတယ်။ ဒီကြေညာချက် ထွက်လာပြီး မေလ ၁၉ ရက်မှာ Google ဟာ Huawei ထုတ်ကုန်တွေအတွက် Android OS updates နဲ့Google Play Store ၊ Google Maps ၊ Gmail နဲ့Youtube စတဲ့ Google Service apps များ ပေးမှု ရပ်ဆိုင်းခဲ့ပါတယ်။

         Google ရဲ့ အရေးယူပိတ်ပင်မှု စတင်ပြီးနောက် Intel ၊ Qualcomm နဲ့Broadcom တို့ဟာလည်း Huawei နဲ့စီးပွားရေးလက်တွဲ လုပ်ဆောင်မှု အဆက်ဖြတ်ခဲ့ကြပါတယ်။ မေလ ၂၀ ရက်နေ့မှာတော့ အမေရိကန်ကုန်သွယ်ရေးဌာနဟာ Huawei ပေါ် ပိတ်ပင်ကန့်သတ်ချက်များကို လာမယ့် သြဂုတ်လ ၁၉ ရက်နေ့အထိ ရက် ၉၀ ကြာအောင် ရွှေ့ဆိုင်းဖယ်ရှားပေးသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

         Huawei အနေနဲ့စီးပွားရေးဖြေလျှော့မှု ရက် ၉၀ အတွင်း အမေရိကန် supplier များနဲ့လက်တွဲကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပြီး ဈေးကွက်ထဲ ရောက်နေတဲ့ Huawei ဖုန်းတွေကို software updates နဲ့service များ ပေးသွားမယ်လို့ဆိုပါတယ်။ ရက် ၉၀ စီးပွားရေး ဖြေလျှော့မှု အပြီးမှာတော့ Huawei ဖုန်းတွေမှာ Andorid Q လိုမျိုး OS update နဲ့Google service apps များ သုံးခွင့်ရတော့မှာ မဟုတ်တော့ပါဘူး။

         ဒီရက် ၉၀ အတွင်း စောင့်ကြည့်ရမှာတစ်ခုက Huawei ဟာ ၂၀၁၈ ဧပြီလကတည်းက သတင်းထွက်ထားခဲ့တဲ့ ကိုယ်ပိုင် အရန် OS (Operating System) ကို Develop လုပ်ပြီး ထုတ်သုံးသွားမလားဆိုတာပါပဲ။ တကယ်တော့ ဒီအခြေအနေဟာ ဂျာမန်မီဒီယာ Die Welt နဲ့တွေ့ဆုံခန်းမှာ Huawei CEO ရစ်ချတ်ယုပြောခဲ့သလို မဖြစ်မနေ အခြေအနေရောက်မှ သုံးမယ်ဆိုတဲ့ အခြေအနေဖြစ်လို့ဈေးကွက်ထဲ ချသွားဖို့အကောင်းဆုံး အချိန် ဖြစ်နေပါတယ်။

Photo: IDC

         ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီကြီးတွေဟာ ကိုယ်ပိုင် OS ပလက်ဖောင်းတွေ ထုတ်ခဲ့တာ ရှိပေမယ့် Google ရဲ့ Android OS စနစ်ကို ကျော်မရခဲ့ပါဘူး။ ဥပမာ- Samsung ဟာ ကိုယ်ပိုင် Tizen OS ထုတ်ခဲ့ပေမယ့် user တွေနဲ့developer တွေအကြားမှာ ခေတ်မစားခဲ့သလို Google Android စနစ်ရဲ့ သြဇာကို မလှန်နိုင်ခဲ့ပါဘူး။ Huawei ကတော့ သူ့ရဲ့ OS စနစ်ဟာ ဖုန်းနဲ့ကွန်ပျူတာနှစ်မျိုးစလုံးမှာ သုံးနိုင်မယ့် OS ဖြစ်ပြီး ဒီစနစ်ကို တည်ဆောက်ဖို့တစ်နှစ်ကျော်ကြာ အချိန်ယူခဲ့တယ်လို့ဆိုပါတယ်။

         လက်ရှိအခြေအနေမှာ Huawei ဟာ အလားအလာအကောင်းဆုံးနဲ့ဈေးကွက်ကြီးထွားမှု အမြန်ဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ်ကို ရောက်ရှိနေပါတယ်။ အမေရိကန်ဘက်မှ ပိတ်ပင်မှုတွေ ရှိထားပေမယ့် Huawei ဖုန်းတွေရဲ့ ရောင်းအားဟာ အတက်ဘက်ပဲ ပြနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ပထမ ၃ လပတ်အတွင်းမှာ Huawei ဟာ စမတ်ဖုန်းပေါင်း ၅၉.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

         နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်း IDC ရဲ့ စစ်တမ်းအရ ၂၀၁၉ ဇန်နဝါရီမှ မတ်လ သုံးလအတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအား ၆.၆% ကျဆင်းနေချိန်မှာ Huawei ဟာ နှစ်အလိုက် ဖုန်းရောင်းအား ၅၀.၃% အထိ တက်လာနေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ လပတ်အတွင်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ဟာ နှစ်အလိုက် ဖုန်းရောင်းအား ၈.၁% ကျဆင်းခဲ့ပြီး စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၇၁.၉ သန်း နဲ့Apple ကတော့ စမတ်ဖုန်းအလုံးရေ ၃၆.၄ သန်းပဲ ရောင်းချနိုင်ခဲ့တာပါ။

Photo: Stuff

         Huawei ဟာ စမတ်ဖုန်းတွေမှာ နည်းပညာဆန်းသစ်မှုကို အကြီးအကျယ် လုပ်ဆောင်လာခဲ့ပြီး ကင်မရာဖုန်းလို့နာမည်ကြီးတဲ့ Huawei P30 Pro မှာဆို စမတ်ဖုန်းလောကမှာ အကောင်းဆုံး ကင်မရာလို့ဆိုနိုင်တဲ့ Super Zoom စနစ်နဲ့Low Light ရိုက်ချက်တွေ ပါလာခဲ့ပါတယ်။ ကင်မရာနည်းပညာမှာ Samsung ထုတ် flagship ဖုန်းတွေဟာ Huawei နဲ့Google Pixel ဖုန်းတွေမှာသုံးနေတဲ့ Night mode မျိုး မသုံးနိုင်သေးပါဘူး။

         စမတ်ဖုန်းရောင်းအား ကျဆင်းလာခြင်းနဲ့အတူ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း Galaxy Fold ဟာလည်း screen ကြောင်တဲ့ ပြဿနာ တက်ပြီး ဈေးကွက်ထဲရောက်ဖို့ကြန့်ကြာနေခဲ့ပါတယ်။ ဒီအချိန်မှာ Huawei ရဲ့ 5G ကွန်ရက်သုံး foldable ဖုန်း Huawei Mate X ဟာ reviewer တွေရဲ့ ချီးကျူးမှု ရရှိထားပါတယ်။

         Huawei အနေနဲ့ဈေးကွက်မှာ တစ်နှစ်နှစ်နှစ်အတွင်း ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်ဖို့အခြေအနေကောင်းတွေ ရထားချိန်မှာ အမေရိကန်ရဲ့ ဒီပိတ်ဆို့အရေးယူမှုကြောင့် အရှိန်ပျက်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ တစ်နည်းအားဖြင့် တရုတ်ဈေးကွက်ပြင်ပ Huawei စမတ်ဖုန်းဝယ်သူတွေကို စိုးရိမ်မှု မြင့်တက်လာစေပြီး ဥရောပနဲ့တစ်ခြား ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွေမှာ Samsung ကို ဈေးကွက်အသာစီးရစေမလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က