ဂျာမန်မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ

ဆိုက်ဘာလုံခြုံရေးအကြောင်းပြုပြီး စိုးရိမ်နေတယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ တစ်ကယ့်အကြောင်းပြချက်ကို မိမိအနေနဲ့မသိရှိကြောင်း ကုမ္ပဏီရဲ့ အလှည့်ကျ CEO အဲရစ်ရှုက ဂျာမန်မီဒီယာတွေနဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Photo: Manchikoni



         ဇန်နဝါရီ ၂၂ ရက်နေ့က ဂျာမန်မီဒီယာတွေရဲ့ မေးခွန်းဖြစ်တဲ့ "Huawei နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ လုံခြုံရေး စိုးရိမ်မှုတွေနောက်ကွယ်က အကြောင်းအရင်းက ဘာဖြစ်မလဲ" ဆိုတဲ့မေးခွန်းကို ဖြေကြားခဲ့တာပါ။ အမေရိကန် ကွန်ရက်တွေမှာ Huawei ရဲ့ ကွန်ရက်ပစ္စည်း အစိတ်အပိုင်းတွေ သုံးနေတာ မရှိသလောက်နည်းပြီး ကျေးလက်ပိုင်းဆင်းတဲ့ တယ်လီကွန်း အော်ပရေတာ အနည်းငယ်မှာပဲ Huawei base stations တွေ ရှိတာလို့လည်း သူက ပြောပါတယ်။

         "တစ်ကယ့် တစ်ကယ်ပြောမယ်ဆို အမေရိကန်က Huawei ပစ္စည်း မသုံးဘူးလို့ပြောနိုင်ပါတယ်။ ဒါဆို ဘာကြောင့်များ ကျွန်တော်တို့က အမေရိကန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်မှာတဲ့လဲ"လို့ဆိုပါတယ်။

         ဆိုက်ဘာလုံခြုံရေးဟာ နည်းပညာပြဿနာသက်သက် မဟုတ်တော့ဘဲ နိုင်ငံရေးပြဿနာ၊ အယူအဆပိုင်း ပြဿနာတောင် ဖြစ်လာနေတယ်လို့လည်း အဲရစ်ရှုကသုံးသပ်ထားပါတယ်။ Huawei မရှိရင် ဆိုက်ဘာလုံခြုံရေး ပြဿနာတွေ စိတ်ပူစရာ မရှိတော့ဘူး ၊ ကမ္ဘာပေါ်က ကွန်ရက်တွေ လုံခြုံသွားမယ်လို့တစ်ယောက်ယောက်က သက်သေပြနိုင်မယ်ဆိုရင် Huawei ကို ပိတ်သိမ်းလိုက်တာက ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလည်း ဖြစ်ဖို့ရှိတယ်လို့လည်း သူက ပြောကြားထားပါတယ်။

Photo: Huawei

တရုတ်အစိုးရအတွက် သူလျှို လုပ်ပေးနေတယ်ဆိုတဲ့ အမေရိကန်ဘက်မှ အသံများ အရှိန်မြှင့်လာချိန်မှာ ဂျာမန်ဖက်ထရယ်သတင်းအချက်အလက် ရုံး BSI မှ ကျွမ်းကျင်သူများဟာ ကမ္ဘာအဝှမ်းက Huawei ထုတ်ကုန်နဲ့အစိတ်အပိုင်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ဘွန်းမြို့မှာ အသစ်ဖွင့်လှစ်ထားတဲ့ Huawei ရဲ့ lab ကိုလည်း သွားရောက်ပြီး ဆိုက်ဘာလုံခြုံရေးပြဿနာရှိမရှိပါ စုံစမ်းစစ်ဆေးခဲ့ပါတယ်။

         စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ BSI အကြီးအကဲ အာနီးရှိုဟန်ဘွန်းမ်မှ Huawei ထုတ် ပစ္စည်းအစိတ်အပိုင်းတွေကို ထောက်လှမ်းရေးအတွက် အသုံးပြုတယ်ဆိုတဲ့ သက်သေမတွေ့ရဘူးလို့ကြေငြာကြောင်း Spiegel သတင်းမှာ ဖော်ပြခဲ့ပါတယ်။

         ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း Huawei တည်ထောင်သူ ရန်ဇီဖိန်း ဟာ Financial Times ၊ Bloomberg နဲ့Wall Street Journal တို့အပါအဝင် နိုင်ငံခြား သတင်းမီဒီယာများမှ သတင်းထောက် ၆ ဦးနဲ့တွေ့ဆုံခဲ့ပြီး Huawei အနေနဲ့ကမ္ဘာကြီးက ဘယ်နိုင်ငံကိုမှ အန္တရာယ်ဖြစ်စေမယ့်အရာ မလုပ်ကြောင်း နဲ့တရုတ်မှာ ဘယ်ကုမ္ပဏီကိုမှ အချက်အလက်တွေ နောက်ယောင်ခံလိုက်ဖို့စနစ်တွေ မဖြစ်မနေ ထည့်သွင်းရမယ်ဆိုပြီး ညွှန်ကြားထားတဲ့ ဥပဒေ မရှိဘူးလို့ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က