အမေရိကန်ထောက်လှမ်းရေး အဖွဲ့ကြီး ဖြစ်တဲ့ FBI ဟာ Huawei ကို ထောင်ဖမ်းဖို့လာ့စ်ဗီးဂတ်မှာ ကျင်းပခဲ့တဲ့ CES 2019 ပွဲမှာ ခွင်ဆင်ခဲ့တယ်လို့သတင်းထွက်ပေါ်ခဲ့ပါတယ်။
FBI အဖွဲ့ဟာ အမေရိကန်အခြေစိုက် startup တစ်ခု ဖြစ်တဲ့ Akhan Semiconductor ကုမ္ပဏီကို အသုံးပြုပြီး Huawei ကို နည်းပညာဉာဏပိုင်ဆိုင်ခွင့် ချိုးဖောက်မှုနဲ့အမှုဆင်ဖို့ကြိုးစားခဲ့တာပါ။ Akhan ဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး အကြမ်းခံမှန်တစ်မျိုးကို တီထွင်နိုင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Akhan ရဲ့ founder အဒမ်ခမ်းရဲ့ အဆိုအရ Miraj Diamond Glass မှန်ဟာ လက်ရှိအကြမ်းခံဆုံး Gorilla Glass မှန်ထက် ၆ ဆ ပိုမာကြောပြီး အစင်းခြစ်ဒဏ်ကို ၁၀ ဆ ပိုခံနိုင်မယ်လို့ဆိုပါတယ်။
Photo: bloomberg
Akhan ရဲ့ မှန်ဟာ စမတ်ဖုန်း screen တွေမှာ သုံးနိုင်မယ့် မှန်မျိုးအဖြစ် Huawei ကလည်း စိတ်ဝင်စားခဲ့ပြီး ဆန်ဒီယာဂိုအခြေစိုက် Huawei ဝန်ထမ်းကနေ ဆက်သွယ်လာခဲ့ရာကနေ ဒီမှန်နမူနာကို စမ်းသုံးကြည့်ဖို့Huawei ဆီ ပေးပို့တဲ့အဆင့်ကို ရောက်ခဲ့ပါတယ်။ နှစ်ဖက်သဘောတူမှုအရ Huawei ဟာ ဒီ glass sample ကို ရက် ၆၀ အတွင်း ပြန်ပေးရမှာ ဖြစ်ပြီး ပေးတဲ့အခါမှာလည်း မပျက်စီးစေဖို့သဘောတူညီခဲ့တာပါ။
နှစ်လကြာတဲ့အထိ Huawei ဘက်မှ ဒီနမူနာ sample နဲ့ပတ်သက်လို့ဘာသတင်းစကားမှ မကြားရတဲ့နောက် စိုးရိမ်နေတဲ့ Akhan ရဲ့ CEO နဲ့တာဝန်ရှိသူတွေဟာ Huawei ကို email ပို့ဆက်သွယ်ခဲ့ပေမယ့် ၅ လကြာမှ ပစ္စည်းပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ပြန်ရောက်လာချိန်မှာလည်း မှန်နမူနာဟာ ဆိုးဆိုးဝါးဝါး ကွဲကြေပျက်စီးနေပြီး 1000 KW လေဆာနဲ့ပစ်ထားတာလို့တွေ့ရှိခဲ့တာကြောင့် ကုမ္ပဏီရဲ့ စိန်သုတ်ထားတဲ့ မှန်နည်းပညာကို ခိုးယူခံရပြီဆိုတဲ့ သံသယနဲ့FBI ကို ဆက်သွယ်ခဲ့တာပါ။
ဒီအမှုကို သိပြီးနောက် FBI ဟာ လာ့စ်ဗီးဂတ်မှာ ကျင်းပခဲ့တဲ့ CES ပွဲမှာ Akhan ရဲ့ တည်ထောင်သူ အဒမ်ခမ်းနဲ့COO ကားလ်ရှာဘော့တို့ကို Huawei ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့စီမံပေးခဲ့ပါတယ်။ ဒီလို တွေ့ဆုံစဉ်မှာ ရှာဘော့ဘ်ရဲ့ကိုယ်မှာ စောင့်ကြည့်ရေးပစ္စည်းတွေ တပ်ဆင်ပေးခဲ့ပြီး စကားဝိုင်းကို မှတ်တမ်းယူခဲ့တယ်လို့ဒီစကားဝိုင်းနဲ့ပေ ၁၀၀ ခန့်အကွာမှာ ရှိနေတဲ့ Bloomberg Businessweek သတင်းထောက်က တွေ့ရှိခဲ့ပါတယ်။
Photo: gizmodo
Huawei ရဲ့ အင်ဂျင်နီယာဖြစ်တဲ့ အိန်ဂျယ်ဟန်ဆီကနေ တစ်ဆင့် တရုတ်ကို Miraj မှန်နမူနာပို့တာဟာ ITAR လို့ခေါ်တဲ့ အမေရိကန်ပို့ကုန်ဥပဒေကို ချိုးဖောက်ရာရောက်နေပါတယ်။ Akhan ရဲ့ diamond coating လုပ်ထားတဲ့ Miraj မှန်နည်းပညာဟာ စစ်တပ်သုံး ပို့ကုန်ပစ္စည်းထဲမှာ ပါဝင်တယ်လို့ဆိုပါတယ်။ Akhan ကလည်း ဒီပစ္စည်းကို တရုတ်ပို့ရမယ့်အချိန်မှာ Huawei အနေနဲ့ဥပဒေနဲ့လွတ်အောင် လုပ်ဖို့လိုကြောင်း သတိပေးခဲ့တယ်လို့ဆိုပါတယ်။
အမေရိကန်အစိုးရဟာ Huawei ကို စပိုင်သူလျှိုမှုနဲ့သံသယရှိနေပြီး လက်ရှိမှာ Huawei နဲ့တစ်ခြား သံသယရှိတဲ့ လူနဲ့လုပ်ငန်းများကို ရာဇဝတ်ဖော်ဖျက်မှု ၂၃ ခုနဲ့တရားစွဲထားပါတယ်။ Akhan နဲ့Huawei ပစ္စည်း ပြဿနာ ဖြစ်ပြီးနောက်မှာလည်း FBI အဖွဲ့ဟာ ဇန်နဝါရီ ၂၈ ရက်နေ့က Huawei ဆန်ဒီယာဂိုရုံးထဲ ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။