Huawei နဲ့ လုပ်ငန်းလုပ်ဖို့ လိုင်စင်လျှောက်ထားမှု ၃၀၀ ခန့်ရှိပါတယ်
Nyein Min Wai

Huawei Technologies ဆီကို ဆော့ဖ်ဝဲလ်ရောင်းချဖို့ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက် လိုင်စင်ရထားပြီ ဖြစ်တယ်လို့ Microsoft Corp က ထုတ်ပြန်ပါတယ်။

ဒီတစ်ပတ် ကြာသာပတေးနေ့အစောပိုင်းက Microsoft မှ Reuters ကို အတည်ပြုပြောကြားခဲ့တာပါ။ အမေရိကန် စီးပွားကူးသန်းဌာနရဲ့ Huawei နဲ့ စီးပွားရေး လုပ်မယ့် အမေရိကန်ကုမ္ပဏီတွေအတွက် နောက်ထပ် ရက် ၉၀ ယာယီ အထွေထွေလိုင်စင်ထပ်တိုးပေးမယ့်အကြောင်း ကြေညာပြီးနောက် အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Photo: SCMP

" နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန် စီးပွားကူးသန်းဌာနဟာ Huawei အတွက် ဈေးကွက်ဝင် ဆော့ဖ်ဝဲလ်တွေ တင်ပို့ဖို့ လိုင်စင်လျှောက်ထားတဲ့ Microsoft ရဲ့ လျှောက်ထားမှုကို ခွင့်ပြုခဲ့ပါတယ်" လို့ Microsoft ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အီးမေလ်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။"ကျွန်တော်တို့ လျှောက်ထားမှုကို တုန့်ပြန်တဲ့ ဌာနရဲ့ လုပ်ဆောင်ချက်ကိုလည်း ကျေးဇူးတင်ပါတယ်"

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ယခုတစ်ပတ်အတွင်းမှာပဲ Entity List သွင်းထားပြီး ကုန်သွယ်ရေးပိတ်ပင်ထားတဲ့ Huawei ကုမ္ပဏီနဲ့ အရောင်းအဝယ်ပြန်လုပ်မယ့် အမေရိကန် suppliers ကုမ္ပဏီတစ်ချို့ကို ခွင့်ပြုခဲ့ပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့ မေလက စတင်ပြီး အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးကန့်သတ်ခံစာရင်းမှာ ထည့်သွင်းခံထားရပါတယ်။

မေလ ၂၀ ရက်နေ့ကစတင်ပြီး အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနဟာ Huawei နဲ့ အရောင်းအဝယ်လုပ်မယ့် အမေရိကန်ကုမ္ပဏီတွေအတွက် ပထမဆုံးအကြိမ် ရက် ၉၀ အထွေထွေယာယီလိုင်စင်TGL တစ်ခု ထုတ်ပေးခဲ့ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့မှာ TGL သက်တမ်း ကုန်ပြီးနောက် ဒုတိယအကြိမ် နောက်ထပ် ရက် ၉၀ သက်တမ်း တိုးပေးခဲ့တာပါ။


Photo: Duwun Tech

၆ လကြာပြီးနောက် တတိယအကြိမ် ၃ လ သက်တမ်းတိုးကြောင်း ကြေညာပြီး နောက်တစ်ရက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ Huawei နဲ့ အရောင်းအဝယ်လုပ်ဖို့ လိုင်စင်လျှောက်ထားမှုပေါင်း ၃၀၀ ခန့် ရထားတယ်လို့ ဆိုပါတယ်။ လျှောက်ထားလွှာတွေရဲ့ ထက်ဝက်ခန့်ကို စိစစ်မှုလုပ်ဆောင်ထားပြီး လျှောက်လွှာစုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံကို ခွင့်ပြုချက်ပေးထားကာ ကျန် ၄ ပုံတစ်ပုံကို ပယ်ချထားတယ်လို့လည်း Reuters သတင်းက ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရဘက်မှ တတိယအကြိမ် အထွေထွေ ယာယီလိုင်စင် သက်တမ်းတိုးကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် မမျှတတဲ့ ဆက်ဆံမှုကို အဆုံးသတ်ပြီး Entity List စာရင်းကနေ ဖယ်ရှားဖို့ Huawei ကုမ္ပဏီမှ သဘောထား ထုတ်ပြန်ထားပါတယ်။


Author


က္က