၇ နှစ်အတွင်း Huawei ကို လုံးဝဖယ်ရှားဖို့အတွက် ခက်ခဲနိုင်ပါတယ်

နှစ်ကုန်ပိုင်းကစပြီး နိုင်ငံရဲ့ 5G ကွန်ရက်မှာ Huawei ပစ္စည်းအစိတ်အပိုင်းသစ်တွေ သုံးစွဲခြင်း ပိတ်ပင်ဖို့ ဗြိတိန်အစိုးရဟာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးစနစ်တွေမှာ ကြုံတွေ့လာနိုင်ဖွယ်ရှိတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ ဗြိတိန်အစိုးရဟာ အဆင့်နှစ်ဆင့်နဲ့ စီမံကိန်းချပြီး Huawei ကို ပိတ်ပင်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး Straitstimes သတင်းက ဖော်ပြထားပါတယ်။



လုပ်ငန်းအစီအစဉ်အရ ဗြိတိန်ဖုန်းကုမ္ပဏီတွေဟာ ၂၀၂၀ နှစ်ကုန်ပိုင်းက စပြီး ၎င်းတို့ရဲ့ 5G ကွန်ရက်တွေမှာ Huawei ပစ္စည်းအစိတ်အပိုင်းသစ်တွေ သုံးစွဲမှု ပိတ်ပင်ခံရမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာတော့ 5G ကွန်ရက်ကနေ ရှိပြီးသား Huawei ပစ္စည်းအစိတ်အပိုင်းအားလုံးကို ဖယ်ရှားသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

Photo: Bloomberg


ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ၊ အကြီးတန်း ဝန်ကြီးများနဲ့ ထိပ်တန်း လုံခြုံရေးအကြီးအကဲတွေဟာ ဇူလိုင် ၁၄ ရက်နေ့ အမျိုးသားလုံခြုံရေးကောင်စီမှာ အစည်းအဝေးတစ်ရပ်လုပ်ပြီး အဆိုပြုချက်တင်သွင်းဖို့ ရှိပါတယ်။ ပြန်ကြားရေးအတွင်းဝန် အိုလီဗာဒေါ်ဒင်ဟာ အစည်းအဝေးဆုံးဖြတ်ချက်ကို ဒီနေ့ ညနေပိုင်းမှာ ကြေညာဖို့ ရှိပါတယ်။ 

အစည်းအဝေးမှာ ဒီအစီအစဉ်ကို သဘောတူညီမှု ရမယ်ဆိုရင်တော့ ဒါဟာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်လက်ထက်မှာ အထင်ကရအပြောင်းအလဲကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ ဒီဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ် နှစ်ခုကြာ ရေရှည်လက်တွဲလာခဲ့တဲ့ ဗြိတိန်ရဲ့ အကြီးဆုံးမိုဘိုင်းလ်အော်ပရေတာနဲ့ ဆက်ဆံရေးအဆုံးသတ်ဖြစ်သွားသလို တရုတ်နဲ့ ဗြိတိန်အကြား တင်းမာမှုတွေလည်း တိုးမြင့်လာဖို့လည်း ရှိနေပါတယ်။ 

ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ နိုင်ငံ့မိုဘိုင်းကွန်ရက်များအတွင်း အတိုင်းအတာတစ်ခုထားပြီး Huawei ပါဝင်ဖို့ မီးစိမ်းပြခဲ့ပေမယ့် အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကိုလည်း ကြုံနေတာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ မေလထဲမှာ အမေရိကန်နည်းပညာသုံးထားတဲ့ microchips များ Huawei ကို ရောင်းဝယ်တင်ပို့မှု ပိတ်ပင်ခဲ့ပါတယ်။ 

အမေရိကန်နည်းပညာသုံး chips သုံးစွဲမှု ပိတ်ခြင်းကြောင့် Huawei အနေနဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ ၁၂ လပဲ အချိန်ရတော့မယ်လို့ ပြီးခဲ့တဲ့ မေလထဲမှာ New Street Research သုတေသီ ပဲရားဖာရာဂူက ဆိုပါတယ်။ တစ်ဖက်မှာလည်း ဗြိတိန်မှ Huawei ဖောက်သည်တယ်လီကွန်းကုမ္ပဏီများ ဖြစ်တဲ့ BT ၊ Vodafone နဲ့ Threee တို့အနေနဲ့ ပိတ်ပင်မှုသစ်ဟာ ဘယ်အတိုင်းအတာအထိ သွားမလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။

Photo: BloombergQuint

Huawei ထုတ်ကုန်သုံးနေတဲ့ ယူကေတယ်လီကွန်းအော်ပရေတာ BT ရဲ့ CEO ဖီးလစ်ယန်ဆန်ကတော့ Huawei ကို ဖယ်ရှားဖို့ ကုမ္ပဏီအနေနဲ့ အနည်းဆုံး အချိန် ၅ နှစ် လိုမယ်လို့ ဆိုပါတယ်။ Huawei ကို အမြန်ဖယ်ရှားလိုက်တာဟာ BT Group ဝန်ဆောင်မှုကို သုံးနေတဲ့ မိုဘိုင်း customer ပေါင်း ၂၄ သန်းအတွက် ကွန်ရက်ပြတ်လပ်မှု ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။ 

Vodafone ကလည်း Huawei ပစ္စည်းအစိတ်အပိုင်း အားလုံးကို ဖယ်ရှားခြင်းဟာ ပေါင်ဘီလျံနဲ့ချီပြီး ကုန်ကျမှုရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟာလည်း Huawei ကို ပိတ်ပင်မယ့် ရက်အတိအကျ ထုတ်ပြန်ဖို့ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ တောင်းဆိုမှုတွေ ကြုံတွေ့နေပါတယ်။

Share

Loading Next Article...
က္က