အမေရိကန်ကုမ္ပဏီအတော်များများရဲ့ ပင်မဖောက်သည်လည်း ဖြစ်ပါတယ်
Nyein Min Wai

အမေရိကန်ကုန်သွယ်ရေး ဌာန အတွင်းရေးမှူး ဝီဘာရော့စ်ကတော့ သိပ်မကြာခင်မှာ Huawei ကို ပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးတော့မယ်လို့ Bloomberg နဲ့အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။


အမေရိကန်အစိုးရဟာ Huawei နဲ့ အရောင်းအဝယ်လုပ်နိုင်ဖို့ လိုင်စင်လျှောက်ထားမှုပေါင်း ၂၆၀ ခု ရရှိထားတယ်လို့လည်း ရော့စ်က ဆိုပါတယ်။ လိုင်စင်တွေကိုတော့ မကြာခင် ပေးသွားမယ်လို့လည်း အတည်ပြုပြောထားပါတယ်။

Photo: thenation

" လိုင်စင်လျှောက်ထားတာက အများကြီးပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ထင်ထားတာထက်ကို ပိုများပါတယ်။" လို့ အင်တာဗျူးမှာ ရော့စ်က ပြောခဲ့ပါတယ်။

အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံအကြား လွန်ဆွဲနေတဲ့ ကုန်သွယ်ရေးစစ်မှာ မြေစာပင်ဖြစ်နေတဲ့ Huawei ဟာ ပြီးခဲ့တဲ့ မေလကစပြီး နိုင်ငံ့လုံခြုံရေး စိုးရိမ်ချက် အကြောင်းပြုပြီး အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ပင်မှုခံထားရတာပါ။ အခုချိန်အထိ အမေရိကန်ထုတ် ပစ္စည်းအစိတ်အပိုင်းတွေကို အထူးလိုင်စင်မရှိဘဲ Huawei ဘက်က ဝယ်လို့မရအောင် ပိတ်ပင်ခဲ့သလို အမေရိကန်ကုမ္ပဏီတွေကိုလည်း အထူးလိုင်စင်မပါဘဲ Huawei ကို ပစ္စည်းရောင်းချခွင့် ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ Huawei နဲ့ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတွေကို ဖြေလျှော့မှုတစ်ချို့ပေးသွားမယ်လို့ ကတိပြုခဲ့ပြီး ရက် ၉၀ ဆိုင်းငံ့ပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ယာယီအထွေထွေလိုင်စင်အဖြစ် ထုတ်ပေးခဲ့တဲ့ ဆိုင်ငံ့အမိန့်ပြင်ဆင်ချက်ဟာ ဩဂုတ်လ ၁၉ ရက်နေ့အထိ အကျုံးဝင်ခဲ့ပြီး ဒီယာယီလိုင်စင်ကနေ Huawei အနေနဲ့လက်ရှိကွန်ရက်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူခွင့်ရခဲ့ပေမယ့် လိုင်စင်သက်တမ်းကုန်ဆုံးပြီး ထွက်လာတဲ့ Huawei Mate 30/Mate 30 Pro ဖုန်းတွေမှာတော့ Google apps နဲ့ services တွေ တရားဝင် ပါရှိမလာတော့ပါဘူး။

Photo: Yahoo News

လာမယ့်နိုဝင်ဘာ ၁၉ ရက်မှာတော့ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ဟာ Universal Service Fund လို့ခေါ်တဲ့ ဒေါ်လာ ၈.၅ ဘီလျံတန် တယ်လီကွန်းရန်ပုံငွေ ရယူတဲ့ အော်ပရေတာတွေကို Huawei နဲ့ ZTE တို့ဆီက ပစ္စည်းအစိတ်အပိုင်း ဝယ်ယူမှု ကန့်သတ်ပိတ်ပင်မယ်လို့ဆိုပါတယ်။ Huawei နဲ့ZTE တို့ဟာ အမေရိကန််ရဲ့ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ယုံကြည်ထိုက်တဲ့ အချက်အလက်တွေ တွေ့ထားတယ်လို့FCC ဥက္ကဌ အဂျစ်ပိုင်က ပြောထားပြီး Huawei နဲ့ ZTE တို့ကတော့ ဒီအချက်ကို အစဉ်တစ်စိုက် ငြင်းဆန်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီနဲ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Huawei ဟာ အမေရိကန်ကုမ္ပဏီအများစုရဲ့ အဓိကဖောက်သည်လည်း ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ ၁၁ ဘီလျံတန်ဖိုးရှိတဲ့ အမေရိကန်ထုတ်ကုန်တွေ ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။


က္က