Sideloaded apps တင်လို့ မရတော့ပါဘူး
Nyein Min Wai

လာမယ့် မတ်လနှောင်းပိုင်းဆို Huawei ထုတ် flagship ဖုန်းသစ်နှစ်မျိုး ဈေးကွက်ထဲ မိတ်ဆက်သွားတော့မှာပါ။

Huawei P40 စီးရီး ဖုန်းသစ်တွေဟာ အစဉ်အလာအတိုင်း ကင်မရာနဲ့ ဒီဇိုင်းမှာ အထူးခြားဆုံး ဖုန်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Google ရဲ့ ထုတ်ပြန်ချက်က ဒီဖုန်းသစ်တွေ ဝယ်ဖို့ စိတ်ဝင်စားနေသူတွေအတွက် တွေးချိန်စရာ ဖြစ်လာပါတယ်။

Huawei ကို ကုန်သွယ်ရေး ပိတ်ပင်စာရင်းမှာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ပိတ်ပင်လိုက်ပြီးနောက် တစ်နှစ်နီးပါးအကြာမှာ Google ဟာ Huawei နဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

Photo: Flipboard

ဖေဖော်ဝါရီ ၂၁ ရက်နေ့က Google ရဲ့ တရားဝင် Android Support ဝက်ဘ်ဆိုက်မှာ Android တရားရေးဆိုင်ရာ ညွှန်ကြားရေးမှူး ထရစ္စတန် အော့စထရိုစကီးက " အစိုးရရဲ့ ကန့်သတ်မှုကြောင့် Google ပိုင် apps နဲ့ ဝန်ဆောင်မှုတွေကို Huawei ဖုန်းသစ်တွေမှာ တင်ကြိုထည့်သွင်းမှု preload သော်လည်းကောင်း ၊ တစ်ခြားထုတ်ကုန်ကနေ ကူးပြောင်းထည့်သွင်းမှု Side load သော်လည်းကောင်း ပေးသွားမှာ မဟုတ်" လို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့ သုံးစွဲသူ အချက်အလက် လုံခြုံရေးနဲ့ ဘေးကင်းရေးအတွက် Google Play Protect ထောက်ခံချက်ရ ထုတ်ကုန်တွေမှာပဲ Google Play Store ၊ Google Play Protect ၊ Google ရဲ့ ပင်မ app တွေ ဖြစ်တဲ့ Gmail ၊ YouTube ၊ Google Maps နဲ့ တစ်ခြား apps တွေ သုံးခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။

Play Protect ထောက်ခံချက်ရ ထုတ်ကုန်တွေဟာ သုံးစွဲသူ အချက်အလက်နဲ့ app ရဲ့ သတင်းအချက်အလက် စိတ်ချရစေဖို့ Google ကနေ လုပ်ဆောင်ထားတဲ့ တင်းကြပ်တဲ့ လုံခြုံရေး စိစစ်မှုနဲ့ ကိုက်ညီမညီ စမ်းသပ်မှုတွေကို ဖြတ်သန်းရတာပါ။ ၂၀၁၉ မေလ ၁၆ ရက်နေ့က နောက်ပိုင်း ထုတ်လုပ်တဲ့ Huawei ထုတ်ကုန်မော်ဒယ်သစ်တွေဟာ Play Protect ထောက်ခံချက် မရတာကြောင့် Google apps နဲ့ servicesတွေ preload မသွင်းထားသလို အသုံးပြုလို့လည်း ရနိုင်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ပိုဆိုးတာက တစ်ခြားဖုန်းတစ်လုံးမှာ ဒေါင်းလုပ်ဆွဲထားတဲ့ apps တွေကိုလည်း Sideload အဖြစ် ပြန်သွင်းလို့ ရနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Sideload လုပ်ထားတဲ့ Google apps တွေဟာ လုံခြုံရေး ကျိုးပေါက်နိုင်ဖွယ် ရှိတဲ့ uncertified devices တွေမှာ အလုပ်လုပ်ခွင့် မပြုထားတာကြောင့် စိတ်ချလက်ချ အလုပ်လုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တစ်နည်းအားဖြင့် Google apps တွေကို Huawei ဖုန်းသစ်တွေမှာ ကူးထည့်ခြင်းဟာ သုံးစွဲသူရဲ့ လုံခြုံရေး ကျိုးပေါက်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

Photo: apkfab

အမေရိကန်အစိုးရရဲ့ Entity List မှာ Huawei ကို ထည့်သွင်းခဲ့ပြီးနောက် ထွက်လာတဲ့ Huawei Mate 30/Mate 30 Pro ဟာ Google apps နဲ့ services တွေ မပါတော့တဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်လာခဲ့ပါတယ်။ Google support မရတော့တာကြောင့် Huawei ဟာ Play Store အစား ကိုယ်ပိုင် AppGallery သစ်ကို စတင် အသုံးပြုလာခဲ့ရပါတယ်။

Trade ban ကြောင့် Google Mobile Services သုံးဖို့ ပိတ်ပင်ခံရတဲ့ Huawei ဟာ ကိုယ်ပိုင် Huawei Mobile Services (HMS) တစ်ခု တည်ဆောက်ထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ HMS ပါတဲ့ Huawei ရဲ့ ပထမဆုံး 5G စမတ်ဖုန်း Honor V30 ဟာ ဥရောပဈေးကွက်ကို ဝင်ရောက်လာတော့မယ်လို့ Gizchina သတင်းက ဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ ၂၀၁၉ မေလ ၁၆ ရက် မတိုင်ခင် ဖြန့်ချိထားတဲ့ Huawei ဖုန်းဟောင်းတွေဟာ Google ရဲ့ security updates ရမှာပါ။ ကိုယ်သုံးတဲ့ ဖုန်းမှာ Play Protect ထောက်ခံချက် ရတဲ့ ဖုန်းဟုတ်မဟုတ် သိချင်တယ်ဆိုရင်တော့ Google Play Store app ထဲက Menu ကနေ Settings ထဲ ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က