Huawei ကတော့ Android OS ပိတ်ပင်ခံရမှုအတွက် ပြင်ဆင်ထားတယ်လို့ဆိုပါတယ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး ညွှန်ကြားထားတဲ့ ကုန်သွယ်ရေး နာမည်ပျက်စာရင်းမှာ ပါလာပြီးနောက် Huawei ဖုန်းနဲ့တစ်ခြား Android OS စနစ် သုံး ထုတ်ကုန်တွေမှာ update သစ် ရတော့မှာ မဟုတ်တော့ပါဘူး။


Photo: techradar



         Reuters သတင်းမှာ ဖော်ပြချက်အရ Huawei Technologies ကုမ္ပဏီအနေနဲ့Android OS updates သစ် ရရှိမှု ရုတ်တရပ် ဆုံးရှုံးရဖို့ရှိပြီး တရုတ်ပြင်ပက စမတ်ဖုန်းတွေရဲ့ နောက်ထပ် ဗားရှင်းမှာလည်း Google Play Store နဲ့Gmail app အပါအဝင် နာမည်ကျော် app နဲ့ဝန်ဆောင်မှုတွေ သုံးနိုင်တော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Google အနေနဲ့Huawei ထုတ်ကုန်တွေပေါ်မှာ နောက်ထပ် Android OS update ပေးမှု ရပ်ဆိုင်းခဲ့ပေမယ့် အရင်ပေးထားတဲ့ Google ဝန်ဆောင်မှုတွေကို Huawei ဖုန်း သုံးသူတွေ ဆက်လက် အသုံးပြုလို့ရမယ်လို့ပြောထားပါတယ်။

         မေလ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိုင်တီနဲ့ဆက်သွယ်ရေးဆိုင်ရာ အမျိုးသားအဆင့် အရေးပေါ် အခြေအနေတစ်ရပ်ကို ကြေညာခဲ့ပြီးနောက် အမေရိကန် ကုန်သွယ်ရေးဌာနဟာ Huawei နဲ့အတူ မိတ်ဘက်ကုမ္ပဏီ ၆၈ ခု ပေါ် ပိတ်ပင် အရေးယူမှု စတင်ခဲ့တာပါ။

         ကြေညာချက်အရ အမေရိကန်ကုန်သွယ်ရေးဌာနဟာ စက်မှုနဲ့လုံခြုံရေးဗြူရို BIS ကနေ လိုင်စင်မရဘဲ အမေရိကန်ကုမ္ပဏီတွေအနေနဲ့Huawei ကို နည်းပညာရောင်းတာ ၊ လွဲှပြောင်းတာမျိုး လုပ်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမိန့်ထွက်လာပြီးနောက် Google ဟာ Huawei ဖုန်းတွေတွေအတွက် Android security update သစ် ထုတ်ပေးမှု ချက်ချင်း ရပ်တန့်ခဲ့ပါတယ်။

         Huawei အနေနဲ့ဒီပိတ်ပင်မှုတွေကို မမှုကြောင်း ပြောခဲ့ပြီး Android စနစ် အသုံးပြုခွင့် ပိတ်ခံရပါက နောက်ထပ် ၆ နှစ်နဲ့အထက် ကိုယ့်ခြေကိုယ့်လက် ရပ်တည်နိုင်အောင် ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ဂျာမန်မီဒီယာတစ်ခုဖြစ်တဲ့ Die Welt နဲ့တွေ့ဆုံခန်းတစ်ခုမှာ Huawei ရဲ့ CEO ရစ်ချတ်ယုမှ ကုမ္ပဏီအနေနဲ့အကြောင်းတစ်ခုခုကြောင့် အမေရိကန်ထုတ် ဆော့ဖ်ဝဲလ်တွေ သုံးခွင့် ပိတ်ပင်ခံခဲ့ရမယ်ဆိုရင် ထုတ်သုံးဖို့အရန် OS (Operating System) စနစ် တစ်ခု ရှိတယ်လို့အတည်ပြု ပြောကြားခဲ့ဖူးပါတယ်။

Photo: T3.com

         ကုမ္ပဏီအနေနဲ့BIS နဲ့အမေရိကန်ကုန်သွယ်ဌာနလုံခြုံရေးကနေ ချမှတ်တဲ့ ဆုံးဖြစ်ချက်ကို ဆန့်ကျင်ကြောင်းလည်း ဒီတစ်ပတ်ထဲမှာ ပြောကြားထားပါတယ်။ Huawei ဟာ ၂၀၁၉ ပထမ ၃ လပတ်အတွင်း စမတ်ဖုန်းပေါင်း ၅၉.၁ သန်း ရောင်းချနိုင်ခဲ့ပြီး Apple ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း Maker အဖြစ် ရပ်တည်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က