အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ပင်မှုခံထားရတဲ့ Huawei အတွက် ၂၀၁၉ ဟာ ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပေမယ့် ဒီအခက်အခဲတွေကို အတူရင်ဆိုင်ရင်း ကုမ္ပဏီရဲ့ အဓိက စီးပွားရေးကဏ္ဍတွေ တိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ ဝန်ထမ်းတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုသွားတော့မှာပါ။
နိုင်ငံပေါင်း ၁၇၀ မှာ ခန့်အပ်ထားတဲ့ ဝန်ထမ်းပေါင်း ၁ သိန်း ၉ သောင်းကျော်အတွက် Huawei ဟာ ဆုကြေးငွေ ယွမ် သန်း ၂ ထောင် ( ဒေါ်လာ ၂၈၆ သန်း) ခန့် ပေးသွားမယ်လို့ Reuters သတင်းက ဆိုပါတယ်။ ယွမ် ၂ ဘီလျံ ဆုကြေးခွဲပေးမယ့်အပြင် Huwei ဝန်ထမ်းတိုင်းဟာ ဒီလထဲမှာ လစာနှစ်ဆ ရကြမယ်လို့လည်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။
Photo: Global News
ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူလည်း ဖြစ်တဲ့ Huawei အနေနဲ့ ဘောနပ်စ်ပေးမယ့်ပုံစံအကြောင်း အသေးစိတ် ပြောကြားခြင်းမရှိပေမယ့် လာမယ်နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဝန်ထမ်းတွေရဲ့ဘဏ်အကောင့်ထဲ နှစ်လစာ ထည့်ပေးထားမယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုနဲ့ ကြုံနေရပေမယ့် Huawei ရဲ့ တတိယသုံးလပတ်ဝင်ငွေဟာ အတက်ဘက်ပြခဲ့ပြီး စမတ်ဖုန်းတင်ပို့မှုမှာ ပြီးခဲ့တဲ့နှစ်ကထက် ၂၈% ပိုတိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့အထိ ၉ လအတွင်း Huawei ဟာ ဝင်ငွေ ယွမ် ၆၁၀.၈ ဘီလျံ ( ဒေါ်လာ ၈၆.၈ ဘီလျံ) ရရှိခဲ့ပြီး စီးပွားရေးဘက် 5G ကွန်ရက်ပံ့ပိုးရေးဆိုင်ရာ စာချုပ်ပေါင်း ၆၀ ကျော် ချုပ်ဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo: SCMP
Huawei ဟာ ပြီးခဲ့တဲ့ မေလကစပြီး အမေရိကန်အစိုးရရဲ့ နိုင်ငံ့လုံခြုံရေး စိုးရိမ်ချက်ကြောင့် trade ban ငြိစွန်းနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အခုချိန်အထိ အမေရိကန်ထုတ် ပစ္စည်းအစိတ်အပိုင်းတွေကို အထူးလိုင်စင်မရှိဘဲ Huawei ဘက်က ဝယ်လို့မရသေးပါဘူး ။မကြာသေးမီက အမေရိကန်ကုန်သွယ်ရေး အတွင်းဝန် ဝီဘာရော့စ်ဟာ Huawei ကို ပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချချင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ Huawei ဟာ အမေရိကန်ပစ္စည်းအစိတ်အပိုင်းတွေ မပါဘဲ 5G base stations တွေ စတင် တည်ဆောက်နေပြီလို့ ကြေငြာခဲ့ပေမယ့် အချက်အလက်အသေးစိတ်တော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။