Console ဂိမ်းတစ်ခု ကျန်ပါသေးတယ်

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ ရွှေတံဆိပ်ပေးမယ့် eSports ဂိမ်း ၆ မျိုးထဲက ဂိမ်း ၅ မျိုးရဲ့ နာမည်စာရင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

         ၂၀၁၉ SEA Games မှာ PC ၊ Console နဲ့မိုဘိုင်းဆိုပြီး ဂိမ်းအမျိုးအစား ၃ မျိုး ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပြီး ၂၀၁၈ နိုဝင်ဘာလထဲမှာ    Mobile Legends: Bang Bang ဟာ ပထမဆုံး eSports အဖြစ် ထည့်သွင်းခံရတာပါ။ eSports ရွှေတံဆိပ်အတွက် မိုဘိုင်းဂိမ်း ၂ မျိုး ၊ PC ဂိမ်း ၂ မျိုးနဲ့console ဂိမ်း ၂ မျိုး စုစုပေါင်း ဆု ၆ မျိုး ပေးသွားမှာ ဖြစ်ပေမယ့် အခုချိန်ထိတော့ ဂိမ်း ၅ မျိုးရဲ့ နာမည်ပဲ ကြေညာထားတာ ဖြစ်ပါတယ်။

         ဒီနှစ် ဆီးဂိမ်းမှာ PC ဂိမ်းတွေအဖြစ် Dota 2 နဲ့Starcraft II၊ Console အတွက် Tekken 7 ပဲ သိရထားတာ ဖြစ်ပြီး မိုဘိုင်းလ်ဂိမ်းအနေနဲ့Mobile Legends နဲ့Arena of Valor ဂိမ်းတွေကို ထည့်သွင်းလိုက်တာပါ။ Console အတွက် နောက်ထပ် ဂိမ်းတစ်ခု ကြေညာဖို့ကျန်သေးတာ ဖြစ်ပြီး ဒီဂိမ်းနာမည်စာရင်းကိုတော့ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကြားသိရဖို့ရှိပါတယ်။

         ဖိလစ်ပိုင် ဆီးဂိမ်းမှာ eSports ထည့်သွင်းရေးအတွက် Razer ဂိမ်းကုမ္ပဏီနဲ့ဖိလစ်ပိုင် ဆီးဂိမ်းကျင်းပရေး ကော်မတီ PHISGOC တို့မှ ပူးပေါင်းပြီး ရွေးချယ်စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းက Clash Royale ကို ထည့်ဖို့ရှိပေမယ့် အရှေ့တောင်အာရှမှာ အကြီးအကျယ် လူကြိုက်များလာနေတဲ့ Mobile Legends ကို မိုဘိုင်းလ် eSports အဖြစ် ပြောင်းလဲ အစားထိုးခဲ့တာပါ။

         "ဒီလို အချိန်တိုလေး အတွင်းမှာ ဂိမ်းထုတ်လုပ်သူတွေနဲ့ပါတနာတွေ အားလုံး ပါဝင်ဖို့ကြိုးပမ်းနေပါတယ်။ နောက်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျန်တဲ့ ဂိမ်းနာမည်ကို ကြေညာဖို့လည်း လုပ်နေပါတယ်။ ဒီနေရာမှာ ဒေသအလိုက်အကောင်းဆုံး အတော်ဆုံး eSports ပလေယာတွေအားလုံးကို တွေ့ရဖို့စောင့်မျှော်နေပါတယ်" လို့PHISGOC ရဲ့ အမှုဆောင်ဒါရိုက်တာ ရေမွန်ဆူဇူရာက ဆိုပါတယ်။

Photo: mogul

         Console ဂိမ်းအနေနဲ့ထည့်သွင်းသွားမယ်လို့သတင်းပြေးနေတဲ့ ဂိမ်းကတော့ ဘက်စကတ်ဘောဂိမ်းတစ်ခု ဖြစ်တဲ့ NBA2K19 ဖြစ်မယ်လို့သတင်းတွေ ထွက်ထားပါတယ်။ eSports ပြိုင်ပွဲဝင်များကိုတော့ ဆိုင်ရာနိုင်ငံက အရည်အချင်းစစ် ပြိုင်ပွဲတွေကနေ ရွေးချယ်သွားမှာ ဖြစ်ပြီး တိုက်ရိုက်ဖိတ်ခေါ် ကစားသမား မထားရှိဘူးလို့ဆိုပါတယ်။

eSport ဟာ အနာဂါတ်မှာ မဖြစ်မနေ အရေးပါလာတော့မယ့် အားကစားနည်းတစ်ခု ဖြစ်ပြီး Razar ဂိမ်းကုမ္ပဏီ တည်ထောင်သူ တန်မင်းလိုင်ကတော့ eSport ပြန့်ပွားရေးါတွက် ၁၅ နှစ်နီးပါး ပံ့ပိုးခဲ့ထားတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ကျင်းပမယ့် ၂၀၁၉ ဆီးဂိမ်းပွဲတော်ကို ဒီနှစ် နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာပါ။

Share

Loading Next Article...
က္က