FTC မှ ဒေါ်လာ ၅.၇ သန်း ဒဏ်ရိုက်ထားပါတယ်။

     တရုတ်မှာ Douyin လို့ခေါ်တဲ့ TikTok ဟာ App Store ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဒေါင်းလုပ်ဆွဲမှုအများဆုံး app အဖြစ် နံပါတ်တစ်နေရာကနေ ရပ်တည်နေပါတယ်။

         Sensor Tower ရဲ့ အချက်အလက်များအရ TikTok ဟာ သုံးလပတ်ဘဏ္ဍာရေးကာလ ၅ ခု ဆက်တိုက်ကြာအောင် Apple App Store ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး app နေရာမှာ ရှိနေခဲ့တယ်လို့ဆိုပါတယ်။ အသက် ၁၃ နှစ်အောက် လူငယ်တွေမှာ သုံးစွဲခွင့်ပိတ်ပင်ခံထားရတဲ့ ဒီ app ကို ၂၀၁၉ ပထမ ၃ လပတ်အတွင်း App Store မှာ ဒေါင်းလုပ်ဆွဲသူ ၃၃ သန်း ရှိခဲ့ပါတယ်။

Photo: techcrunch

         App Store ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး app စာရင်းမှာ TikTok ရဲ့ နောက် YouTube ၊ Instagram ၊ WhatsApp နဲ့Messenger တို့က အစဉ်အတိုင်း ရပ်တည်နေခဲ့ပါတယ်။ TikTok ဟာ App Store မှာ ဒေါင်းလုပ်ဆွဲမှု အများဆုံး ဖြစ်ပေမယ့် Android ထုတ်ကုန်တွေပေါ်မှာတော့ ဒေါင်းလုပ်ဆွဲမှုအများဆုံး မဟုတ်ခဲ့ပါဘူး။

         ၂၀၁၉ ပထမ သုံးလပတ် Google Play ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး app ကတော့ WhatsApp ဖြစ်ပြီး စုစုပေါင်း ၁၉၉ သန်း နီးပါး ဒေါင်းလုပ်ဆွဲခဲ့ကြတာပါ။ WhatsApp ရဲ့ နောက်မှာ Messenger ၊ TikTok ၊ Facebook နဲ့Instagram တို့က ဒေါင်းလုပ်ဆွဲမှု အများဆုံး app များအဖြစ် ရှိနေကြပါတယ်။

Photo: Inverse

         TikTok ဟာ အိန္ဒိယမှာ သုံးစွဲသူပမာဏ အကြီးအကျယ် မြင့်တက်လာနေပြီး ၂၀၁၉ ပထမ ၃ လပတ်အတွင်း ဒီ app ကို install သွင်းတဲ့ သုံးစွဲသူပေါင်း ၈၈.၆ သန်း တိုးလာခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ အများပြည်သူ ကြည့်ရှုရန် မသင့်တော်တဲ့ အကြောင်းပြချက်ကြောင့် TikTok ကို အိန္ဒိယမှာ ပိတ်ခဲ့ပြီး လကုန်ပိုင်းမှာ ပြန်ခွင့်ပြုပေးခဲ့တာပါ။

         ၂ နှစ်အတွင်း TikTok ကို လစဉ် ပုံမှန်သုံးစွဲသူဦးရေဟာ သန်း ၅၀၀ နဲ့အထက်မှာ ရှိနေပြီ ဖြစ်ပြီး ဈေးကွက်ပေါင်း ၁၅၀ မှာ ဘာသာစကား ၇၅ မျိုးနဲ့မိတ်ဆက်ထားပါတယ်။ TikTok app ကို ဘင်္ဂလားဒေ့ချ်မှာလည်း ပိတ်ပင်ထားပြီး အမေရိကန်မှာလည်း ကလေးတွေဆီက အချက်အလက်တွေ တရားမဝင် ရယူမှုနဲ့ဒေါ်လာ ၅.၇ သန်း ပေးဆောင်ပေးဖို့အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေး ကော်မရှင် FTC မှ အမိန့်ချထားပါတယ်။ 



က္က