Apple ဟာ mini-LED display နည်းပညာသစ်ကို ပထမဆုံးသုံးလာမယ့် ထုတ်ကုန်နဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေ ထွက်လာပါတယ်။
Apple ဈေးကွက်နဲ့ ထုတ်ကုန်အကြောင်း သုံးသပ်မှုလုပ်နေတဲ့ မင်ချိကုအိုက ၂၀၂၀ စတုတ္ထသုံးလပတ်အတွင်း ထွက်လာမယ့် iPad Pro သစ်ဟာ mini LED display သုံးလာမယ်လို့ ဆိုပါတယ်။ မင်ချိကုအိုရဲ့အဆိုကို ကိုးကားပြီး miniLED display နည်းပညာသစ်သုံး Apple ထုတ်ကုန် ၆ မျိုးကို ထုတ်လုပ်မှုလုပ်နေတယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။
Photo: wccftech
မင်ချိကုအိုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက miniLED display နည်းပညာကို iPad နဲ့ MacBook တို့မှာ သုံးသွားမယ်လို့ ဟောကိန်းထုတ်ခဲ့သူ ဖြစ်ပါတယ်။ miniLED display ဟာ ရုပ်ထွက်နဲ့ ကာလာတိကျကွဲပြားမှု ပိုကောင်းပြီး စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ နည်းပညာနဲ့ လာတာပါ။ ဒီ display မှာ သုံးတဲ့ LED တစ်ခုချင်းစီဟာ အရွယ်အစားအားဖြင့် 200micron ထက် တောင် ငယ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
နောက်ခံအလင်းပေးမယ့် Backlighting အတွက် အလွန်သေးငယ်တဲ့ အလားတူ LED တွေ အများကြီး သုံးပြီး Screen ရဲ့ အကန့်ငယ်လေးတွေကို ပိုပြီး ထိန်းချုပ်စီမံသွားမှာပါ။ ဒီနည်းပညာဟာ OLED panel လိုမျိုး အလင်းအမှောင် ၊ ရုပ်ထွက် ၊ တောက်ပမှုအားကောင်းပြီး အရောင်ပြားသွားတဲ့ burn-in မျိုး အဖြစ်နည်းပြီး သက်တမ်းပိုရှည်ရှည် သုံးနိုင်မယ်လို့ ဆိုပါတယ်။
Photo: slashgear
MiniLED နည်းပညာဟာ ကုန်ကျစရိတ်မြင့်မားပြီး Apple အနေနဲ့ ကုန်ကျစရိတ် လျှော့ချနိုင်ဖို့ အရန် supplier တစ်ယောက်လည်း ထားဖို့ ရှိပါတယ် ။miniLED display နည်းပညာသုံး iPad Pro သစ်ဟာ ၁၂.၉ လက်မ မော်ဒယ် ဖြစ်ဖို့ ရှိပါတယ်။ supplier အနေနဲ့ Sanan Optoelectronics သစ်ကို သုံးသွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ miniLED panel ထုတ်လုပ်သူတွေဟာ နည်းပညာဖွံ့ဖြိုးမှုအဆင့်ကနေ ဈေးကွက်ဝင်အဆင့်ကို သွားနေပြီး ၂၀၂၁ မှာ miniLED ထုတ်လုပ်မှုစရိတ်ဟာ ၅၀% ဝန်းကျင် နဲ့ ၂၀၂၂ ခုနှစ်မှာ ၃၅% ထပ်မံကျဆင်းသွားမယ်လို့ မင်ချိကုအိုက ခန့်မှန်းပါတယ်။ ထုတ်လုပ်မှုကို ဒီနှစ် စတုတ္ထသုံးလပတ်အတွင်း စတင်သွားမှာ ဖြစ်ပြီး ကနဦးအော်ဒါမှာယူမှုအရေအတွက် ၃ သိန်းကနေ ၄ သိန်းအထိ ရှိတယ်လို့ ဆိုပါတယ်။