Apple ရဲ့ နောက်ထပ်ခြေလှမ်းတွေက ဘယ်လောက်ခရီးရောက်မလဲ
Nyein Min Wai

ကုမ္ပဏီသက်တမ်း နှစ် ၄၀ ကျော်လာပြီဖြစ်တဲ့ Apple ဟာ iPhone maker အနေနဲ့၁၂ နှစ်ပြည့်ချိန်မှာ ဈေးကွက်သစ်ကို ဦးလှည့်လာပြီ ဖြစ်ပါတယ်။

         

         Apple ဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် နည်းပညာဈေးကွက်တော်လှန်ရေး အတော်များများ လုပ်ဆောင်ခဲ့တဲ့ ကုမ္ပဏီအဖြစ် နာမည်ကြီးပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှာ PC ကွန်ပျူတာတော်လှန်ရေးမှာ Macs တွေနဲ့ထိုးဖောက်ခဲ့သလို ၂၀၀၀ ပြည့်နှစ်တွေမှာ iPod နဲ့iTunes တို့ကို မိတ်ဆက်ခဲ့ပြီး music industry သစ် စတင်ခဲ့ပါတယ်။

         ၂၀၀၇ မှာ ကမ္ဘာ့စမတ်ဖုန်းလောကထဲ iPhone တွေနဲ့ဝင်ရောက်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီသက်တမ်း ၄၂ နှစ်အတွင်းမှာ Apple ဟာ ထုတ်ကုန် products ပိုင်းမှာ ပိုပြီးဦးစားပေးခဲ့ပေမယ့် ၂၀၁၉ ကစပြီး Apple ရဲ့ ဈေးကွက်ဟာ ဆန်းသစ်လာတော့မှာပါ။

         မတ်လ ၂၅ ရက်နေ့မှာ Apple ဟာ ကုမ္ပဏီရုံးချုပ်တည်ရှိရာ ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကုမ္ပဏီရဲ့ ဈေးကွက်ဗျူဟာသစ်တွေကို ကြေညာတဲ့ ပွဲတစ်ပွဲပြုလုပ်ခဲ့ပါတယ်။ စတိဗ်ဂျော့စ်ခန်းမဆောင်မှာ Apple ဟာ ထူးခြားတဲ့ ဝန်ဆောင်မှုသစ်တွေ မိတ်ဆက်ခဲ့တာပါ။


(၁) Apple TV+

Photo: CNET

         TV ရုပ်သံ streaming ဈေးကွက်ကို Apple ဝင်ရောက်လာခြင်းဟာ ထူးခြားပါတယ်။ Amazon ၊ Netflix ၊ Hulu တို့လို TV streaming လောကရဲ့ ထိပ်ထိပ်ကြဲကုမ္ပဏီတွေနဲ့ယှဉ်ဖို့Apple ဟာ Apple TV+ ကို မိတ်ဆက်လိုက်တာ ဖြစ်ပြီး ဒီနှစ်ဆောင်းဦးမှာ ဈေးကွက်ထဲ ရောက်လာတော့မှာပါ။

         Apple TV+ app ဟာ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေမှာပါ သုံးနိုင်တဲ့ app ဖြစ်ပြီး Samsung ၊ LG ၊ Sony ၊ Vizio smart TVs တွေ ၊ Amazon ရဲ့ Firestick နဲ့Roku တို့လို ထုတ်ကုန်တွေမှာပါ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

         လောလောဆယ်မှာ Apple TV+ ရဲ့ ဝန်ဆောင်ခအကြောင်း မကြေညာရသေးပါဘူး။


(၂) Apple Card

Photo: CNET

         ငွေပေးငွေချေဝန်ဆောင်မှုကဏ္ဍထဲ Apple ရဲ့ ပထမဆုံး credit card ဝန်ဆောင်မှုကတော့ Apple Card ဖြစ်ပါတယ်။ iPhone ပေါ်မှာတင် app အနေနဲ့သုံးနိုင်တာမဟုတ်ဘဲ တကယ့် ခရစ်ဒစ်ကဒ်လိုမျိုးပါ အပြင်မှာ သုံးနိုင်မှာပါ။

         Apple Card ကို Goldman Sachs ကနေ ထုတ်ထားပြီး ငွေပေးငွေချေကိစ္စတွေကိုတော့ MasterCard ကနေ သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်နွေပိုင်းမှာ Apple Card ခရစ်ဒစ်ကဒ်ဝန်ဆောင်မှုကို အမေရိကန်မှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပြီး ခရစ်ဒစ်ကဒ်လို နောက်ကျကြေး ၊ နှစ်စဉ်ကြေး ၊ နိုင်ငံတကာ ဖြတ်ကျော် အသုံးခတွေ ပေးစရာမလိုဘူးလို့လည်း Apple က ထုတ်ပြန်ထားပါတယ်။


(၃) Apple News+

Photo: CNET

         မီဒီယာနဲ့သတင်းဝန်ဆောင်မှုဟာလည်း Apple ရဲ့ အနာဂါတ်ဈေးကွက်လို့ဆိုရမှာပါ။ Apple News+ မှာ National Geographic နဲ့Rolling Stone အပါအဝင် မဂ္ဂဇင်းပေါင်း ၃၀၀ ကျော်ပါပြီး နာမည်ကြီး သတင်းဂျာနယ်တွေလည်း ဖတ်ရှုနိုင်မယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။

         ကနေဒါနဲ့အမေရိကန်ဈေးကွက်မှာ မိတ်ဆက်ထားတဲ့ ဒီဝန်ဆောင်မှုဟာ တစ်လကို ၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁ သောင်းခွဲ) သွင်းပြီး သုံးနိုင်မှာ ဖြစ်ပါတယ်။ ဥရောပဈေးကွက်ထဲကို နှစ်ကုန်ပိုင်းမှာ ရောက်လာဖို့ရှိပြီး Apple ထုတ်ကုန်တွေမှာပဲ သုံးနိုင်မယ်လို့ဆိုပါတယ်။


(၄) Apple Arcade

Photo: CNET

         Apple ရဲ့ Gaming service သစ်ဖြစ်ပြီး App Store က Offline ကစားနိုင်တဲ့ ဂိမ်း ၁၀၀ ကျော်ပါလာပါတယ်။ ဒီလထဲမှာပဲ Google ဟာ cloud-based Streaming ပလက်ဖောင်းဖြစ်တဲ့ Stadia ကို ကြေညာခဲ့တာကြောင့် US အိုင်တီကုမ္ပဏီကြီးတွေအနေနဲ့Gaming ပိုင်း ဝန်ဆောင်မှုသစ်တွေဆီ လှည့်လာပြီလို့ဆိုရမှာပါ။

         Stadia ကတော့ အင်တာနက် access ကောင်းကောင်းရမှ ဂိမ်းတွေ ကစားနိုင်မှာ ဖြစ်ပြီး ဘယ်ဂိမ်းကိုမဆို ကိုယ့်ဖုန်း ၊ ကိုယ့်လက်ပ်တော့တွေကနေ လှမ်းယူပြီး ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ Apple Arcade ကတော့ ဒီနှစ် ဆောင်းတွင်းမှာ နိုင်ငံပေါင်း ၁၅၀ ဆီ ဖြန့်ကျက်သွားမှာ ဖြစ်ပြီး subscription ကြေးအကြောင်း မသိရသေးပါဘူး။

         Apple ဟာ games content နဲ့ဝန်ဆောင်မှုပိုင်း တိုက်ရိုက်ရင်းနှီးမြှပ်နှံမယ့် Microsoft ၊ Facebook ၊ Google ၊ Amazon စတဲ့ ကုမ္ပဏီတွေနဲ့လက်တွဲမှု လုပ်ဆောင်ထားတယ်လို့လည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


         မတ်လ ၂၅ ရက်နေ့Apple မိတ်ဆက်ပွဲကို ပြန်ကြည့်မယ်ဆိုရင် ထုတ်ကုန်ဈေးကွက်ကနေ service market ကို ရွှေ့လာတာ သိသာနေပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်းဈေးကွက်အပြိုင်အဆိုင် တိုးမြင့်လာမှုနဲ့ဈေးကွက်ဝယ်လိုအား တန့်နေမှုကလည်း Apple ကို ဝန်ဆောင်မှုဈေးကွက်ပိုင်း အာရုံစိုက်ဖို့ဖြစ်လာတာပါ။ နောင်နှစ်များမှာ Apple ကို iPhone maker ဆိုတာထက် လူတွေပိုပြီး မှတ်မိမယ့် အရာတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က