Android update မှာလည်း ပါလာတော့မှာပါ

Apple ဟာ iPhone တွေမှာ COVID-19 app မလိုဘဲ ရောဂါရှိသူနဲ့ ထိတွေ့မှုခြေရာခံနိုင်ပြီလို့ ဆိုပါတယ်။

iOS 13.7 update မှာ ထိတွေ့မှုအသိပေးစနစ် Exposure Notifications Express (ENE) လို့ခေါ်တဲ့ အစီအစဉ်တစ်ခု ထည့်သွင်းလာတာ ဖြစ်ပါတယ်။ iOS update သစ်ဟာ contact-tracing app ဒေါင်းလုပ်ဆွဲစရာမလိုဘဲ COVID-19 ထိတွေ့မှု အသိပေးစနစ်ကို သိနိုင်မှာ ဖြစ်တယ်လို့ 9to5Mac သတင်းက ဆိုပါတယ်။



Photo: 9to5mac

Apple နဲ့ Google တို့ဟာ COVID-19 ထိတွေ့မှုအသိပေး API စနစ်အတွက် ပူးပေါင်းဆောင်ရွက်မှုလုပ်နေတယ်လို့ ကြေညာထားတာပါ။ ကုမ္ပဏီနှစ်ခုဟာ နည်းပညာကို အပိုင်းနှစ်ပိုင်းနဲ့ ဖော်ဆောင်လာတာ ဖြစ်ပါတယ်။ ပထမအပိုင်းမှာ iOS 13.5 နဲ့အတူ သုံးစွဲသူတွေဟာ Exposure Notifications ထဲ ရောက်ဖို့ အများပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတွေဆီက app တစ်ခုကို အရင် ဒေါင်းလုပ်ဆွဲထားရမှာပါ။

နည်းပညာဖော်ဆောင်မှု ဒုတိယအသုတ်မှာ iOS 13.7 နဲ့အတူ COVID-19 app ထည့်သွင်းထားစရာမလိုဘဲ ရောဂါကူးစက်ထိတွေ့မှု အသိပေးသွားမှာ ဖြစ်ပါတယ်။ iOS 13.7 update သစ်မှာ Bluetooth နဲ့ ချိတ်ဆက်ထားတဲ့ တစ်ခြားဖုန်းတွေရဲ့ ၁၄ ရက်စာ log ကို ယူထားပြီး တကယ်လို့ အဲဒီလူတွေထဲက တစ်ယောက်ယောက် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပြီးနောက် အသိပေးသွားမှာပါ။

Photo: CNBC


ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေ သိရဖို့ တရားဝင် COVID-19 app ကို ဒေါင်းလုပ်ဆွဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Apple နဲ့ Google တို့ကတော့ သုံးစွဲသူတွေရဲ့ ကျန်းမာရေးအချက်အလက်တွေ စုဆောင်းထိန်းသိမ်းသွားမှာ မဟုတ်ဘဲ အစိုးရကျန်းမာရေးဌာနတွေဆီက COVID-19 ကူးစက်ခံရသူတွေရဲ့ အချက်အလက်တွေကိုပဲ ရယူသွားမယ်လို့ ဆိုပါတယ်။

ဒီနေ့အချိန်အထိ Apple နဲ့ Google တို့ရဲ့ Contact-tracing မူဘောင်အခြေပြု apps တွေကို နိုင်ငံနဲ့ နယ်မြေပေါင်း ၂၀ ကျော်မှာ ဖြန့်ချိထားပြီး ဒီထဲမှာ အိုင်ယာလန် ၊ ဂျာမနီ ၊ ဆွစ်ဇာလန် ၊ ဂျပန် ၊ ဆော်ဒီအာရေဗျတို့လည်း ပါဝင်နေပါတယ်။ Apple လိုမျိုး Google ကလည်း အန်းဒရိုက်ဖုန်း updates ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှု ခြေရာခံစနစ်ကို ဒီလထဲ ဖြန့်ချိသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က