အစွန်းရောက်အကြောင်းအရာများ အချိန်မီ မဖြုတ်ချနိုင်ရင် အရေးယူတော့မှာပါ

ဒီတစ်ပတ်ထဲမှာ Facebook ဟာ အဆိုးဝါးဆုံး ဖြစ်ရပ်များကို ဆက်တိုက်ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

         သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ Christchurch ပစ်ခတ်မှုကို Facebook ပေါ်ကနေ Live လွှင့်သွားတဲ့ အကြမ်းဖက်သမားရဲ့ content ကို အချိန်မီ မဖယ်ရှားနိုင်ခဲ့ခြင်းအပေါ် အားလုံးက ဒေါသထွက်နေချိန် ၊ privacy ရေးရာ ကိုင်တွယ်မှု ၊ အစွန်းရောက် နိုင်ငံရေး content များအပေါ် Facebook ဟာ စုံစမ်းမေးမြန်းခံနေရချိန်မှာ ကုမ္ပဏီရဲ့ အရေးပါတဲ့ CPO (Chief Product Officer) ခရစ္စကော့ချ် ရာထူးက ရုတ်တရက် နှုတ်ထွက်သွားခြင်းဟာ Facebook ကို မြွေပူရာ ကင်းမှောက်ဖြစ်စေခဲ့တာပါ။

Photo: The Verge



         သုံးလအတွင်း အဆိုးဆုံးအဖြစ် ရှယ်ယာတန်ဖိုး ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းမှာ အဓိကကျတာတစ်ခုက ကုမ္ပဏီရဲ့ အရေးပါတဲ့ အမှုဆောင်တွေ ထွက်သွားခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ ကော့ချ်ဟာ Facebook ရဲ့ လူမှုကွန်ရက် စီးပွားရေးဖွံ့ဖြိုးမှုအဖွဲ့ကို ဦးဆောင်ခဲ့သူ ၊ မက်ခ်ဇူကာဘတ်ခ်အတွက် ၁၃ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ကော့ချ်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အရေးပါတဲ့ လုပ်ရပ်တစ်ခုက WhatsApp ဝန်ဆောင်မှုရဲ့ စီးပွားရေးမော်ဒယ်ကို ပုံစံချခဲ့တာလည်း ပါဝင်ပါတယ်။

         ကော့ချ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ အကြီးဆုံး ရင်းနှီးမြှပ်နှံရေးဆိုင်ရာ ဘဏ်တစ်ခု ဖြစ်တဲ့ JPMorgan ရဲ့ ကျွမ်းကျင်သူတွေက "ကော့ချ်ဟာFacebook ရဲ့ မစ်ရှင် ၊ စံတန်ဖိုး ၊ ဓလေ့ စတဲ့ အပိုင်းတွေကို ဖြစ်အောင် အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့တယ်လို့ယုံကြည်ပါတယ်။ သူ့ကို ကုမ္ပဏီတွင်းမှာရော Wall Street အပါအဝင် ကုမ္ပဏီပြင်ပအသိုင်းအဝိုင်းမှာပါ အလွန့်ကို ပုံရိပ်ကောင်းတဲ့ လူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံသူ ဖြစ်ပါတယ်" လို့သုတေသန မှတ်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

Photo: Euronews

         Reuters သတင်းမှာတော့ ခရစ္စကော့ချ်နဲ့အတူ WhatsApp ရဲ့ ဒုဥက္ကဌ ခရစ္စဒန်နီယယ်လည်း Facebook ရဲ့ ထုတ်ကုန်နဲ့ဆက်ဆံရေးဆိုင်ရာ အဖွဲ့ကနေ ထွက်သွားခဲံပြီလို့ဆိုပါတယ်။ မတ်လ ၁၅ ရက်နေ့က ကုမ္ပဏီရဲ့ သက်တမ်းရင့် အားထားရတဲ့ အမှုဆောင်များ နှုတ်ထွက်သွားခြင်းဟာ Facbeook ပေါ် ရင်းနှီးမြှပ်နှံသူတွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နယူးဇီလန်နိုင်ငံ ဗလီနှစ်ခုက လူပေါင်း ၅၀ ကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားရဲ့ live လွှင့်မှုကလည်း Facebook အပေါ် အကြီးအကျယ် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

         ဗြိတိန်ရဲ့ ပြည်ထဲရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်ကတော့ သောကြာနေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူမှုကွန်ရက်ကုမ္ပဏီတွေအနေနဲ့သူတို့ရဲ့ channel တွေပေါ်က အစွန်းရောက်မှုကို ရပ်တန့်ဖို့အရေးယူရမယ်လို့ပြောကြားခဲ့ပါတယ်။ ဂျာဗစ်ဟာ သူ့ရဲ့ Twitter မှာ "YouTube ၊ Google ၊ Facebook နဲ့Twitter တို့အနေနဲ့ယင်းတို့ရဲ့ ပလက်ဖောင်းတွေပေါ်ကနေ အကြမ်းဖက်အစွန်းရောက်မှုကို အားပေးအားမြောက်လုပ်တာတွေကို ရပ်ဖို့အများကြီး လုပ်ဖို့လိုမယ်" လို့ရေးထားပါတယ်။

         Facebook အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းတွေဟာ ဒီတိုက်ခိုက်မှုအကြောင်း အွန်လိုင်းပေါ် တင်တဲ့ content တွေကို ဖြုတ်ချမယ်လို့ကြေညာခဲ့ပါတယ်။ လက်ရှိမှာ သုံးစွဲသူများရဲ့ အချက်အလက်ကို နည်းပညာကုမ္ပဏီတွေကို share ခဲ့တဲ့ ကိစ္စအပေါ် Facebook ကို နယူးယော့ခ်ဂျူရီအဖွဲ့မှ စုံစမ်းစစ်ဆေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က