Facebook ကတော့ နိုင်ငံရေးကြော်ငြာတင်ခွင့် ပြုထားပါတယ်။
Nyein Min Wai

လူမှုကွန်ရက်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Twitter ဟာ တစ်ကမ္ဘာလုံးက နိုင်ငံရေးကြော်ငြာတွေအားလုံးကို ပိတ်ပင်ဖယ်ရှားတော့မယ်လို့ဆိုပါတယ်။

အောက်တိုဘာလဆန်းပိုင်းကပဲ တရုတ်ဗွီဒီယို app ပလက်ဖောင်းဖြစ်တဲ့ TikTok ဟာ ကုမ္ပဏီရဲ့ ပလက်ဖောင်းပေါ်ကနေ နိုင်ငံရေးကြော်ငြာတွေ ပိတ်ပင်သွားမယ်လို့ကြေညာခဲ့တဲ့ ပထမဆုံး လူမှုကွန်ရက်မီဒီယာ ဖြစ်လာခဲ့ပါတယ်။ Twitter ဟာ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ နိုင်ငံရေး ကြော်ငြာမူဝါဒအပြည့်အစုံကို ထုတ်ပြန်မှာ ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။


Photo: CNBC


" အင်တာနက်ကြော်ငြာမှုဟာ မယုံနိုင်လောက်အောင် စွမ်းအားရှိပြီး စီးပွားရေးကြော်ငြာရှင်တွေအတွက်လည်း အလွန်ကို ထိရောက်တယ်ဆိုပေမယ့် ဒီစွမ်းအားဟာ နိုင်ငံရေးအတွက် သိသာမြင်သာတဲ့ ဘေးအန္တရာယ်တွေ ယူဆောင်ပါတယ်။" လို့Twitter ရဲ့ CEO ဂျက်ဒေါ်ဆီက သူ့ရဲ့ Tweet မှာ ရေးထားပါတယ်။

Twitter ဟာ ရွေးကောက်ပွဲ မဲပေးသူ မှတ်ပုံတင်ကြဖို့တိုက်တွန်းတဲ့ ads တွေကို ချွင်းချက်နဲ့ခွင့်ပြုသွားမှာ ဖြစ်ပေမယ့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေရဲ့ ကြော်ငြာတွေနဲ့ရွေးကောက်ပွဲမဲဆွယ်တဲ့ ကြော်ငြာတွေကိုတော့ တင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Twitter ရဲ့ ထုတ်ပြန်ချက်ကို ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတထရမ့်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူ ဟီလာရီကလင်တန်က ကြိုဆိုကြောင်းနဲ့Facebook အနေနဲ့ပြန်စဉ်းစားသင့်ကြောင်း Twitter မှာ ဖော်ပြခဲ့ပါတယ်။


Twitter နဲ့အပြိုင် လူမှုကွန်ရက်ကုမ္ပဏီကြီး ဖြစ်တဲ့ Facebook ကတော့ နိုင်ငံရေးသမားတွေရဲ့ ads ကို စိစစ်မှုနဲ့ဖယ်ရှားမှု လုပ်မှာ မဟုတ်ဘူးဆိုပြီး မူဝါဒတစ်ခု မကြာသေးမီကပဲ ထုတ်ပြန်ထားတာပါ။ Facebook ကတော့ သုံးစွဲသူတွေရဲ့ စကားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်လုပ်ဖို့စိတ်ကူးမရှိသလို နိုင်ငံရေးသမားတွေရဲ့ စကားကိုလည်း တရားဝင် သတင်းအဖြစ် သတ်မှတ်သွားမယ်လို့ကြေညာခဲ့တာပါ။

Facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်ဟာ ကုမ္ပဏီရဲ့ နိုင်ငံရေး ကြော်ငြာမူဝါဒနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရဲ့ အရေးပါပုံကို ဦးစားပေး ဆွေးနွေးထားပေမယ့် ဂျက်ဒေါ်ဆီက လက်မခံပါဘူး။

Photo: campaignasia


" ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့မဆိုင်ပါဘူး။ လူတွေဆီ ရောက် reach ဖို့အတွက် ငွေပေးတဲ့ကိစ္စပါ။ နိုင်ငံရေးစကားကို လူတွေဆီ ပိုရောက်ဖို့ပိုက်ဆံပေးတာဟာ ဒီနေ့ခေတ် ဒီမိုကရက်တစ် အခြေခံအဆောက်အဦက ကိုင်တွယ်ဖို့ပြင်ဆင်မထားရတဲ့ ဆိုးကျိုးတွေ ရှိပါတယ်။ ဒါကို ဖြေရှင်းဖို့နောက်ဆုတ်နေတာ ကောင်းပါတယ်။ " လို့ဂျက်ဒေါ်ဆီက Tweet မှာ ရေးထားပါတယ်။

Facebook ဟာ ကုမ္ပဏီရဲ့လူမှုကွန်ရက်စံနဲ့မကိုက်ညီတဲ့ နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေကို တင်ခွင့်ပေးသွားမယ်လို့ကြေညာထားသလို YouTube ကလည်း နိုင်ငံရေးသမားတွေရဲ့ ဗွီဒီယိုတွေကို ပိတ်ပင်တော့မှာ မဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ Facebook ရဲ့ ရပ်တည်မှုကို ကုမ္ပဏီရဲ့ ဝန်ထမ်းတွေနဲ့ဥပဒေပြုအမတ်တွေက ဝေဖန်နေကြပါတယ်။


က္က