ဒီနှစ် ဝင်ငွေ ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ဖို့ရှိပါတယ်။

     ကွန်ရက်လုံခြုံရေး စိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ Huawei Technologies ဟာ လာမယ့် ၅ နှစ်အတွင်း ဆိုက်ဘာလုံခြုံရေးပိုင်းမှာ ဒေါ်လာ ၂ ဘီလျံကျော် သုံးစွဲသွားမယ်လို့ဆိုပါတယ်။

Photo: Google News

         Dongguan ရုံးမှာ ပြုလုပ်သွားတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Huawei ဟာ နိုင်ငံတကာ ဂျာနယ်လစ် ၂၀ ခန့်ဖိတ်ခေါ်ပြီး ဒီအစီအစဉ်ကို ချပြခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း supplier ကြီးတစ်ခု ဖြစ်တဲ့ Huawei ဟာ အမေရိကန်အဝင် နယူးဇီလန် နဲ့သြစတြေးလျလိုမျိုး 5G ကွန်ရက် အဆင့်မြှင့်တင်နေတဲ့ ဈေးကွက်တွေထဲ ဝင်ခွင့် ပိတ်ပင်ခံထားရပါတယ်။

         အကြောင်းတစ်ခုကတော့ နိုင်ငံတွေရဲ့ လုံခြုံရေးကို ကွန်ရက်ပစ္စည်းတွေကနေ ဝင်ရောက်ခြယ်လှယ်သွားမှာကို စိုးရိမ်ချက်ကြောင့်ပါ။ Huawei ဟာ တရုတ်ထောက်လှမ်းရေးတွေနဲ့ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့အတူ နယူးဇီလန် ၊ သြစတြေးလျ နဲ့ဂျပန် စတဲ့ နိုင်ငံတွေမှာ ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာဖြစ်တဲ့ 5G အင်တာနက် ကွန်ရက်ပစ္စည်းတွေ ပံ့ပိုးမှုအပိုင်းအတွက် ဘေးဖယ်ခံထားရပါတယ်။

         Huawei ကတော့ ဘယ်အဖွဲ့အစည်းရဲ့ သြဇာမှ မပါဝင်ဘဲ အမှီအခို ကင်းကင်းနဲ့တစ်ခြား ကမ္ဘာ့အစိုးရပိုင်းတွေနဲ့လက်တွဲလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာပဲ ဂျပန်နဲ့ပြင်သစ်ဟာ Huawei ရဲ့ တယ်လီကွန်း အစိတ်အပိုင်းတွေကို တရားဝင် ပိတ်ပင်တဲ့ အဆင့် မဟုတ်ဘူးလို့ကုမ္ပဏီရဲ့ chairman တစ်ဦး ဖြစ်တဲ့ Ken Hu က ဆိုပါတယ်။

         "ပြိုင်ပွဲကနေ ပြိုင်ဘက်တွေကို ဖယ်ထုတ်လိုက်တာနဲ့ပိုကောင်းသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့Huawei ရဲ့ လုံခြုံရေးအပေါ် စိတ်ပူတာမျိုးဟာ အချက်နဲ့အလက်နဲ့သက်သေနဲ့ဖြစ်သင့်တယ်လို့ယူဆပါတယ်။ အဲသလိုမှ မဟုတ်ရင် ကျွန်တော်တို့လက်မခံပါဘူး။ ဒီလိုမျိုး စွပ်စွဲတာကို ဆန့်ကျင်ပါတယ်။" လို့သူက ပြောပါတယ်။

         မကြာသေးမီက သတင်းမီဒီယာများမှာ ဂျပန်အစိုးရဟာ Huawei ထုတ် တယ်လီကွန်းပစ္စည်းတွေ ဝယ်ဖို့လက်ရှောင်လိုက်ပြီလို့ဖော်ပြထားပြီး ဒီနိုင်ငံရဲ့ ထိပ်တန်း အော်ပရေတာ ၃ ခုကလည်း Huawei ထုတ် ပစ္စည်းတွေကို အခုရော နောင်ရော မသုံးဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။ ပြင်သစ်ဘက်ကလည်း Huawei ရဲ့ ထုတ်ကုန်တွေကို သတိထားရမယ့် စာရင်းသွင်းထားတယ်လို့ဖော်ပြနေကြပါတယ်။

Photo: Reuters

         Huawei ဟာ 5G မိုဘိုင်းလ်ဆက်သွယ်ရေးအတွက် base station ပေါင်း ၁ သောင်းကျော်ကို ထုတ်ကုန်များ ရောင်းချထားသလို ဒီနှစ်ထဲမှာကိုပဲ 5G ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံထားတယ်လို့ဆိုပါတယ်။ Huawei ရဲ့ ဝင်ငွေကလည်း ဒီနှစ်ထဲမှာ ဒေါ်လာဘီလျံ ၁၀၀ ကျော်ဖို့ရှိနေတယ်လို့ခန့်မှန်းထားပါတယ်။



က္က