ဝါရှင်တန်မှာ လူ ၉ ဦး သေဆုံးခဲ့ပါတယ်
Nyein Min Wai

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဝန်ထမ်းတစ်ဦးကို စောင့်ကြပ်ကုသမှုပေးနေတယ်လို့ Amazon က အတည်ပြုထားပါတယ်။

ဆီယက်တဲလ် Amazon Brazil ရုံးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က နေမကောင်းထိုင်မသာ ဖြစ်လာခဲ့တယ်လို့ Amazon ရဲ့ ရုံးတွင်းအီးမေးလ်မှာ ဖော်ပြထားပါတယ်။ နေမကောင်းတဲ့အချိန်က စပြီး ရုံးမတက်နိုင်တဲ့ ဒီဝန်ထမ်းဟာ မတ်လ ၃ ရက်နေ့ ဆေးစစ်ချိန်မှာ COVID-19 ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။



Photo: Mercury News

လက်ရှိမှာ ဒီဝန်ထမ်းကို စောင့်ကြပ်ကုသမှု လုပ်နေပြီး သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကိုလည်း အကြောင်းကြား အသိပေးထားတယ်လို့ ဆိုပါတယ်။ ဆီယက်တဲလ် ဝန်ထမ်းတစ်ဦး COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သတင်းဟာ အီတလီနိုင်ငံ မီလန်က Amazon ဝန်ထမ်းနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရက်အနည်းငယ်အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။

Reuters သတင်းအရ ဒီဝန်ထမ်းနှစ်ဦးကိုလည်း စောင့်ကြပ်ကုသမှု လုပ်နေပြီး ကုသမှုမှာ ကုမ္ပဏီက ကူညီပံ့ပိုးမှု လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Amazon ဟာ ကုမ္ပဏီရဲ့ ဝန်ထမ်း ၇၉၈၀၀၀ ကို မလိုအပ်ဘဲ အမေရိကန်နဲ့ နိုင်ငံခြားတိုင်းပြည်များ ခရီးမထွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

Photo: NBC News


ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ဝန်ထမ်းများ တရုတ်နိုင်ငံအတွင်း ခရီးသွားမှု ကန့်သတ်ခဲ့ပါတယ်။Amazon လိုပဲ Apple ၊ Google ၊ Facebook နဲ့ Microsoft စတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ ဗိုင်းရပ်စ်မကူးစက်စေဖို့ ဝန်ထမ်းများ ခရီးသွားခြင်းကို ကန့်သတ်တားမြစ်ခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ်ဟာ အမေရိကန်နိုင်ငံမှာ ကူးစက်ပျံ့နှံ့လာနေပြီး ဝါရှင်တန်ပြည်နယ်အတွင်း သေဆုံးသူ ၉ ဦးအထိ ရှိနေပါတယ်။ လက်ရှိကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၉၃၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး သေဆုံးသူ ၃၁၀၀ ကျော် ရှိလာနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က