စက္ကန့်၃၀ အတွင်း ကားငှားမယ့်သူရဲ့ သက်သေခံအချက်အလက် အားလုံးကို ကင်မရာနဲ့ဆော့ဖ်ဝဲလ်ပရိုဂရမ်တွေကနေ ဖတ်ရှုမှတ်သားပြီး ဝန်ဆောင်မှုပေးမယ့် စနစ်ကို အမေရိကန်နိုင်ငံကားအငှားလုပ်ငန်းတစ်ခုဟာ ဒီလထဲမှာ စတင် အသုံးပြုုလာပြီ ဖြစ်ပါတယ်။
Photo: Mashable
Hertz ကားစင်းလုံးငှား လုပ်ငန်းဟာ ဇီဝလုံခြုံရေးကုမ္ပဏီ Clear နဲ့ပူးပေါင်းပြီး ဒီနည်းပညာကို Hartsfield-Jackson Atlanta နိုင်ငံတကာ လေဆိပ်မှာ စတင်အသုံးပြုလာတာပါ။ Hertz ဟာ Clear ကုမ္ပဏီရဲ့ လက်ဗွေနဲ့မျက်နှာပြင်ဖတ် နည်းပညာကို သုံးပြီး ကားငှားမယ့်သူရဲ့ မျက်နှာကို စကင်ဖတ်ပြီး စက္ကန့်ပိုင်းအတွင်း ကားငှားပေးတာ ဖြစ်ပါတယ်။
ကားငှားမယ့်သူဟာ ကိုယ်ငှားမယ့် ကားတံခါးပေါက်မှာ ရှိတဲ့ ကင်မရာကို ကြည့်လိုက်တာနဲ့database ထဲမှာ ရှိတဲ့ ပုံနဲ့တိုက်စစ်ပြီး စကင်ဖတ်သွားမှာပါ။ တစ်ခု ရှိတာက ဒီဝန်ဆောင်မှုကို Clear မှာ Gold Plus အဆင့် member ဖြစ်မှ ငှားလို့ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အရင်က ကားငှားဖို့အတွက် ပျမ်းမျှ ၂ မိနစ် ကြာမြင့်ရာကနေ အခုဆို စက္ကန့်၃၀ အထိ (၇၅%) လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။
"သုံးစွဲမယ့်သူတွေဟာ ပိုပြီး ချောမွေ့အဆင်ပြေစေဖို့မျှော်လင့်ကြပါတယ်" လို့Clear ရဲ့ ဥက္ကဌ ကန်ကော်နစ်ခ်က ဆိုပါတယ်။ "ဇီဝနည်းပညာတွေက လူတစ်ယောက်ရဲ့ ID တွေကို သက်သေပြဖို့အကောင်းဆုံးနည်းလမ်းပါ။ ပလတ်စတစ် ID ကဒ်တွေဟာ ဒီအချိန်မှာ ခေတ်နောက်ကျကုန်ပါပြီ"လို့လည်း သူက ပြောပါတယ်။
ဒီဝန်ဆောင်မှုကို Fast Lane ဝန်ဆောင်မှုလို့နာမည်ပေးထားပြီး နယူးယော့ခ် ၊ ဆန်ဖရန်စစ္စကိုနဲ့လော့စ်အိန်ဂျလိစ်တို့အပါအဝင် လေဆိပ်ပေါင်း ၄၀ မှာ အသုံးပြုသွားမယ်လို့ဆိုပါတယ်။ Fast Lane ဝန်ဆောင်မှုကို သုံးမယ့်သူဟာ မျက်နှာပြင်ဖတ် နည်းပညာအပြင် လက်ဗွေစနစ်ကိုလည်း အသုံးပြုပြီး ကားငှားနိုင်မှာပါ။
မျက်နှာပြင်ဖတ်နည်းပညာဟာ လုံခြုံရေးနည်းပညာတစ်ရပ်အနေနဲ့စမတ်ဖုန်းတွေမှာ အသုံးတွင်ကျယ်လာသလို Facebook လိုမျိုး လူမှုကွန်ရက်မှာတောင် ဓါတ်ပုံနဲ့post တွေမှာ tag တွဲဖို့အတွက် မျက်နှာပြင်ဖတ်နည်းပညာကို အသုံးပြုလာပြီ ဖြစ်ပါတယ်။ Microsot ဥက္ကဌတစ်ဦး ဖြစ်တဲ့ ဘရက်ဒ်စမစ်ကတော့ မျက်နှာပြင်ဖတ်နည်းပညာရဲ့ အန္တရာယ်တွေအကြောင်း ပြီးခဲ့တဲ့ တစ်ပတ်ကပဲ သတိပေးထားပါတယ်။
Photo: Hertz
တကယ်လို့သာ မျက်နှာနဲ့ကားငှားတဲ့ စနစ်သာ လေဆိပ်တွေမှာ အသုံးပြုရင်း လူကြိုက်များလာမယ်ဆိုရင်တော့ ဒီလိုမျိုး ဝန်ဆောင်မှုတွေဟာ တစ်ခြားနေရာတွေမှာလည်း ခေတ်စားလာဖို့ရှိပါတယ်။