မော်ဒယ် ၃ မျိုးနဲ့ ထွက်ထားပါတယ်
Nyein Min Wai

SpaceX အာကာသယာဉ်အတိုင်း စတိန်းလတ်စတီးသတ္ထုကိုယ်ထည်စပ်နဲ့ ဆန်းပြားထူးခြားတဲ့ ပစ်ကပ်ထရပ်ကားသစ်တစ်မျိုးကို Tesla ကားကုမ္ပဏီက မိတ်ဆက်ပြသခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဟော်သွန်းမှာ ရှိတဲ့ Tesla ရဲ့ Design Studio ကနေ ထုတ်လိုက်တဲ့ Cybertruck လျှပ်စစ်ပစ်ကပ်ထရပ်ကားဟာ သာမန်မြင်နေကျ ထရပ်ကားတွေနဲ့ လုံးဝကွဲပြားနေပြီး ထရပ်ကားတစ်စင်းထက် စာရင် အာကာသလေ့လာရေးယာဉ်တစ်စင်းနဲ့ ပိုဆင်နေပါတယ်။ နောက်တွဲ Bed ဟာ အလုံပိတ်နိုင်တဲ့ Sliding cover တစ်ခု ပါရှိပြီး ဘီးနဲ့အောက်ခြေဘော်ဒီအကြား အမြင့်ကို လိုသလို ချိန်ညှိနိုင်မှာပါ။

Photo: Time


ကားပြင်ပဘော်ဒီဟာ SpaceX အာကာသယာဉ်တွေမှာ သုံးတဲ့ စတိန်းလတ်စတီး သတ္ထုစပ်နဲ့ လာပြီး 9mm ‌ပစ္စတိုလိုမျိုး အသေးစား သေနတ်နဲ့ ပစ်တာမျိုးကို ခံနိုင်ရည်ရှိမယ်လို့ Tesla ရဲ့ CEO အီလွန်မတ်စ်က ကြေညာပါတယ်။ Cybertruck ကားမိတ်ဆက်ပွဲမှာ Tesla ရဲ့ ဒီဇိုင်းပိုင်း အရာရှိချုပ် ဖရန့်ဇ်ဗွန်ဟောဇွာဆန်က ထရပ်ကားဘော်ဒီကို တူမကြီးတစ်လက်နဲ့ အကြိမ်ကြိမ် ထုတ်ပြပြီး အကြမ်းခံမှုကို သက်သေပြခဲ့ပါတယ်။

ကွဲကြေဒဏ်ခံနိုင်တယ်ဆိုတဲ့ သံချပ်ကာမှန်ကို သတ္ထုဘောလုံးတစ်လုံနဲ့ ပစ်ပေါက်ပြရာမှာတော့ နှစ်ကြိမ် ပစ်ပေါက်ပြရာမှာ နှစ်ကြိမ်စလုံး မှန်ကွဲသွားခဲ့တာကြောင့် အီလွန်မတ်စ်တစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပါတယ်။ Cybertruck ကားတွေဟာ အရွယ်ရောက်သူ ၆ ဦး ထိုင်နိုင်ပြီး အတွင်း ဒက်ရှ်ဘုတ်အလယ်မှာ ၁၇ လက်မအရွယ် touchscreen တစ်ခု ထည့်ပေးထားပါတယ်။




ဒီထရပ်တွေဟာ ဗားရှင်း ၃ မျိုးနဲ့ ထွက်ထားပါတယ်။ နောက်ဘီး မော်တာတစ်လုံးတပ်ဗားရှင်းဟာ တစ်ခါအားသွင်းချိန်မှာ ၂၅၀ မိုင်အထိ ခရီးသွားနိုင်ပြီး နောက်တွဲဝန် ပေါင် ၇၅၀၀ သယ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ၆.၅ စက္ကန့်အတွင်း ရပ်နေရာကနေ တစ်နာရီ ၆၅ မိုင်နှုန်းအထိ အရှိန်တင်နိုင်မယ့် ဒီမော်ဒယ်ကို ဒေါ်လာ ၃၉၉၀၀ ဈေးနဲ့ ရောင်းချသွားမှာပါ။


Photo: TechCrunch

မော်တာနှစ်လုံးတပ် All Wheel မော်ဒယ်ဟာ မိုင် ၃၀၀ အထိ သွားနိုင်ပြီး နောက်တွဲဝန် ပေါင် ၁ သောင်း သယ်နိုင်မှာ ဖြစ်ပြီး ဒေါ်လာ ၄၉၉၀၀ ကျသင့်မယ်လို့ ဆိုပါတယ်။ ၂၀၂၂ နောက်ပိုင်းအထိ ထုတ်လုပ်မှု လုပ်ဆောင်ဦးမှာ မဟုတ်တဲ့ မော်တာသုံးလုံးတပ် မော်ဒယ်က ဈေးအကြီးဆုံး ဒေါ်လာ ၆၉၉၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး မိုင် ၅၀၀ သွားနိုင်သလို နောက်တွဲဝန်အလေးချိန် ပေါင် ၁၄၀၀၀ အထိ ဆွဲနိုင်မှာပါ။

Cybertruck ယာဉ် ထုတ်လုပ်မှုကိုတော့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ စတင်သွားမှာ ဖြစ်ပြီး pre order မှာယူမှု လက်ခံနေပြီလို့ ဆိုပါတယ်။


Author


က္က