နည်းပညာကုမ္ပဏီ ၇ ခု ပါဝင်ပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေနဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက်အမှားများကို တိုက်ဖျက်ဖို့ ပူးပေါင်းကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။

South China Morning Post သတင်းအရ ကိုရိုနာဗိုင်းရပ်စ်နဲ့ COVID-19 ရောဂါအကြောင်း တိကျတဲ့ သတင်းအချက်အလက်တွေ ပေးဖို့ Facebook ၊ Google ၊ Microsoft ၊ Twitter နဲ့ Reddit တို့ လက်တွဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒီပူးပေါင်းလိုက်တဲ့ အဖွဲ့တွေထဲမှာ Microsoft ရဲ့ LinkedIn နဲ့ Google ရဲ့ YouTube တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။




Photo: zdnet

"ဗိုင်းရပ်စ်အကြောင်း မှားယွင်းတဲ့ သတင်းအချက်အလက်တွေနဲ့ အလိမ်အညာတွေကို ပူးပေါင်း တိုက်ဖျက်နေစဉ်အတွင်း ကျွန်တော်တို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ တရားဝင်သတင်းအကြောင်းအရာတွေကို ပိုပြီး လူသိအောင် မြှင့်တင်ပေးခြင်း ၊ ကမ္ဘာအရပ်ရပ်က အစိုးရကျန်းမာရေး စောင့်ရှောက်မှုအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး အရေးကြီးတဲ့ သတင်းအချက်အလက်သစ်တွေ မျှဝေခြင်းအားဖြင့် သန်းပေါင်းများစွာသော လူထုကို အဆက်အသွယ်မပြတ်ရှိစေဖို့ ကျွန်တော်တို့ ကူညီနေပါတယ်"လို့ ကုမ္ပဏီတွေရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 သတင်းမှား တိုက်ဖျက်ရေးအတွက် ဒီကြိုးပမ်းချက်မှာ လာရောက်ပူးပေါင်းဖို့လည်း နည်းပညာကုမ္ပဏီများနဲ့ လူမှုကွန်ရက်အဖွဲ့များမှ ဖိတ်ခေါ်ထားပါတယ်။ ယခုပူးပေါင်းထားတဲ့ ကုမ္ပဏီတွေထဲက Facebook နဲ့ YouTube အပါအဝင် ကုမ္ပဏီတစ်ချို့ဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းမှားများ တိုက်ဖျက်ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Facebook ဟာ မတ်လ ၁၆ ရက်နေ့ရက်စွဲနဲ့ သတင်းခန်းကဏ္ဍမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ ဇန်နဝါရီလထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို အများပြည်သူကျန်းမာရေး‌ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် COVID-19 နဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်မှုတွေ ဖော်ပြထားပါတယ်။


Photo: Facebook Newsroom

ဒီထဲမှာ COVID-19 အကြောင်း အန္တရာယ်ရှိတဲ့ အကြောင်းအရာများ ၊ မှားယွင်းတဲ့ သတင်းအချက်အလက်များကို ကန့်သတ်တာ ၊ သုံးစွဲသူတွေကို WHO နဲ့ တစ်ခြား ဒေသဆိုင်ရာ ကျန်းမာရေးဌာနတွေဆီက တိကျတဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူဖြစ်မယ့် အရင်းအမြစ်တွေနဲ့ ချိတ်ဆက်ပေးတာ ၊ ကိုရိုနာဗိုင်းရပ်စ် ထိတွေ့ကူးစက်မှုကနေ ကုသကာကွယ်နိုင်တယ်လို့ အာမခံထားတဲ့ ads တွေကို တားမြစ်ပိတ်ပင်တာနဲ့ WHO အတွက် အခမဲ့ကြော်ငြာတွေ ပေးခြင်း ၊ COVID-19 အတွက် ဒေါ်လာ သန်း ၂၀ အလှူခံပေးခြင်းများလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Google ကလည်း COVID-19နဲ့ ဆက်စပ်နေတဲ့ အန်းဒရိုက် app များ ပိတ်ပင်ထားသလို Twitter ကလည်း ကောလာဟလများ ဖြန့်နေတဲ့ အကောင့်တွေကို ပိတ်ပင်အရေးယူမှု လုပ်ခဲ့ပါတယ်။ 



က္က