CoronaHelp MM ဦး‌ဆောင်လှုပ်ရှားသူများကို မေးမြန်းထားပါတယ်
Nyein Min Wai

COVID-19 ကာကွယ်ရေးမှာ ပြည်တွင်းမှ နည်းပညာလူငယ်များလည်း တတ်စွမ်းသမျှ တစ်တပ်တစ်အား ပါဝင်လှုပ်ရှားနေကြပါတယ်။ ဒီထဲမှာ CoronaHelp MM Myanmar အဖွဲ့အစည်းလည်း ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြန်မာနိုင်ငံမှာ မဖြစ်ခင်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ CoronaHelp MM ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်အမှန်ကို Website ၊ Facebook Chat Bot နဲ့ app တွေကနေ တစ်ဆင့် ပြည်သူလူထုဆီ ပေးပို့ဖို့ အဓိက ဦးတည်အကောင်အထည်ဖော်နေတာပါ။ လက်ရှိ CoronaHelp MM team ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒီအဖွဲ့မှာ ဦးဆောင်လှုပ်ရှားနေတဲ့ လူငယ်များကို Duwun Tech မှ မေးမြန်းထားပါတယ်။

Photo: CoronaHelp MM / Facebook


Duwun Tech   ။ ။ CoronaHelp MM ကို ဘယ်အချိန်က ရေးဆွဲဖြစ်တာလဲ။ စပြီး ရေးဆွဲဖြစ်ပုံနဲ့ ရည်ရွယ်ချက်လေးလည်း သိချင်ပါတယ်။


CoronaHelp MM ။ ။ မြန်မာနိုင်ငံကို Coronavirus မရောက်ခင် အချိန် Confirmed case မတွေ့ခင်အချိန်ကတည်းက CoronaHelp MM ကို စတင်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဝါသနာတူ သဘောထားတူတဲ့ လူငယ်နည်းပညာသမား သုံးလေးယောက်နဲ့စတင်ခဲ့တာပါ။ 

ရည်ရွယ်ချက်ကတော့ Coronavirus နဲ့ပတ်သတ်တဲ့ သတင်းမှန်တွေကို ပြည်သူလူထုထံ အမြန်ဆုံးရောက်ရှိဖို့ ရည်ရွယ်ခဲ့တာပါ။ ဆောင်ရန် ရှောင်ရန်များ ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနာ က ထုတ်ပြန်ချက်များ၊ Guidelines များကို လွယ်လွယ်ကူကူနဲ့ အများပြည်သူတွေ ဖတ်ရှူလိုက်နာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ 

Photo: CoronaHelp MM website

Duwun Tech   ။ ။ ကိုရိုနာဗိုင်းရပ်စ်သတင်း source နဲ့ သိသင့်တဲ့ အချက်အလက် ဗဟုသုတတွေ ဘယ်သတင်းအရင်းအမြစ်တွေက ရယူပါသလဲ။


CoronaHelp MM ။ ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်တွေကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ Website နှင့် Facebook page ကနေ လည်းကောင်း ၊ WHO က ထုတ်ပြန်ချက်များ၊ ထို့နောက် ဆေးတက္ကသိုလ်မှ Volunter တွေကနေ စုဆောင်းပြီး မြန်မာလို ဘာသာပြန်ဆိုပေးထားချက်များကို ကိုးကားရယူပါတယ်။ 

Chat Bot တွင် ထည့်သွင်းပေးထားသော နောက်ဆုံးရ သတင်းများအတွက်တော့ အကိုတို့ Duwn Media အပါအဝင် အခြားသော ပြည်တွင်း မီဒီယာတွေကနေ ယူပါတယ်။ သတင်း Link တွေ စုစည်းပေးခြင်းပဲ ဖြစ်ပါတယ်။ 



Duwun Tech   ။ ။ သတင်း update ဖြစ်အောင် ဘယ်လို စီမံထားသလဲ။ သုံးစွဲသူတွေဆီက feedback ကရော ဘယ်လို ရှိလဲ။


CoronaHelp MM ။ ။ သတင်း Update ဖြစ်အောင်တော့ အဖွဲ့ထဲက Volunteer တွေကို တာဝန်ခွဲပြီး ဆောင်ရွက်ကြပါတယ်။ ကျန်းမာရေး ကထုတ်ပြန်ချက်တွေကိုလည်း အချိန်ခဏအတွင်းမှာ ဖတ်လို့ရအောင် စီမံဆောင်ရွက်ကြပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း အကျိုးရှိကြောင်းပြောကြားပါတယ်။ လိုအပ်ချက်များ ထောက်ပြချက်များကိုလည်း နောက်ထပ် Version တွေမှာ အဆင်ပြေအောင် ဆောင်ရွက်လျက်ရှိပါတယ်။ Chat Bot ကို သုံးကြည့်မိကြတဲ့ ရှေ့တန်းရောက်နေတဲ့ ဆရာဝန်တချို့ကလည်း သဘောကျကြောင်း ကျေးဇူးတင်ကြောင်း ပြန်ပြောကြတာကို ကြားသိရလို့လည်း ဝမ်းသာမိပါတယ်။ 

Photo: CoronaHelp MM/ Facebook

Duwun Tech   ။ ။ website ကို ပုံမှန်လာလည်သူနဲ့ app ဒေါင်းလုပ်ဆွဲသူဦးရေ သိချင်ပါတယ်။


CoronaHelp MM ။ ။ Webiste ကို ပုံမှန်လာလည်သူကတော့ တရက်မှာတော့ ငါးရာနီးပါးရှိပါတယ်။ တချို့ ဆောင်းပါးတွေမှာတော့ ၁၀၀၀ ကျော်လောက် ဖတ်ရှူတာမျိုးတွေရှိပါတယ်။ Website ထက် chat bot ကိုအသုံးပြုသူတွေလည်း များပါတယ်။ app ကို ဒေါင်းတာက တော့ ယခုဆို ၃၅၀၀ နီးပါးတော့ရှိပါပြီ။ 


Duwun Tech   ။ ။ CoronaHelp MM မှာ မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ လူငယ်တွေလည်း ပါဝင်ကူညီထားတယ်လို့ တွေ့ရပါတယ်။ ဘယ်လိုမျိုး ပါဝင်ကူညီထားသလဲ။


CoronaHelp MM ။ ။ မန္တလေး ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား သမ္မဂ အနေနဲ့ Social Media ပိုင်းကို အဓိက တာဝန်ယူပြီးကူညီပေးနေပါတယ်။ Confirmed Case တွေရဲ့ ဖြစ်စဥ်တွေကို info graph နဲ့ပြသပေးတာမျိုး ပညာပေး Video File တိုလေးတွေကို ဘာသာပြန်ဆိုပြီး ပြန်လည် တင်ပေးတာမျိုးတွေအဓိက ကူညီပေးပါတယ်။ 

နောက်ပြီး ကျွန်တော်တို့ CoronaHelp MM ရဲ့ chat bot, website , android app နဲ့ပတ်သတ်တဲ့ အသုံးပြုပုံတွေကိုလည်း ပြုလုပ်ပေးပါတယ်။ သတင်းအချက်အလက် စုဆောင်းရာမှာလည်း ကူညီပေးကြပါတယ်၊ ဒီကနေ လည်း UCSM SU ကို ကျေးဇူးတင်ကြောင်းလည်း ပြောလိုပါတယ်။ နောက်ထပ်လည်း ပူးပေါင်းလာတဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ် မကြာခင်မှာလည်း Feature အသစ်တွေနဲ့ ထုတ်ပြန်ကြေညာပေးပါမယ်။ 

Photo: CoronaHelp MM/Facebook

Duwun Tech   ။ ။ CoronaHelp MM နဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်‌ဆောင်သွားမယ့်အရာတွေ နဲ့ ဘယ်လိုfeatures သစ် ထပ်ဖြည့်သွားမလဲဆိုတာ သိချင်ပါတယ်။


CoronaHelp MM ။ ။ CoronaHelp MM အနေနဲ့ကတော့ လက်ရှိလုပ်ဆောင်နေတာတွေက ဒီရောဂါကပ်ဆိုးကြီး ပြီးသွားမှသာ နားသွားမှာပါ။ အများပြည်သူတွေကို သတင်းအချက်အလက် မှန်မှန်နဲ့ ပညာပေးနိုင်ဖို့ လိုအပ်တဲ့ ထိရောက်တဲ့ Feature အသစ်တွေလည်း ထပ်ထည့်ဖို့ ကြိုးစားနေလျက်ပါ။ လက်ရှိမှာလည်း Quarantine လူနာတွေအပြင် အိမ်မှာနေရတဲ့သူတွေပါ အပျင်းပြေစေဖို့ Flappy Doctor ဆိုတဲ့ Web Game အသေးစားလေးကိုလည်း ထုတ်လွှင့်တော့မည် ဖြစ်ပါတယ်။ အားလုံးလည်း အားရင် အပျင်းပြေဆော့ရဖို့ ကျွန်တော် Page ကိုလည်း Like လုပ်ပြီး စောင့်ကြည့်ကြဖို့ မျှော်လင့်ပါတယ်။ 

လက်ရှိထွက်ရှိထားတဲ့ Chat Bot Feature တွေရော Website မှာပါဝင်တဲ့ feature တွေ Android App အကြောင်းတွေကိုလည်း CoronaHelp MM facebook စာမျက်နှာမှာ တင်ပေးထားပါတယ်။ Androdi App ကိုတော့ https://coronahelpmm.org/app ကနေ Download ရယူနိုင်ပြီး iOS အတွက်လည်း မကြာခင်အချိန်မှာ Portable သုံးလို့ရတဲ့ app လေး ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 


Author


က္က