မကြာခင်မှာ ဖြန့်ချိနိုင်ဖို့ ရှိပါတယ်

လူဦးရေ ၅.၇ သန်းခန့်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ထိတွေ့မှုအခြေအနေကို သိရှိနိုင်ဖို့ မကြာခင် စင်ကာပူမှာ Wearable Device တစ်မျိုး ဖြန့်ချိသွားတော့မယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှု ခြေရာခံရာမှာ အကူအညီဖြစ်စေဖို့ သွားလေရာသယ်ယူသွားနိုင်မယ့် ဝတ်ဆင်နိုင်ပစ္စည်းတစ်မျိုး ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။



Photo: the Times


"ကျွန်တော်တို့ တီထွင်နေပါတယ်။ မကြာခင် portable wearable ထုတ်ကုန်တစ်ခု ဖြန့်ချိသွားဖို့ ရှိပါတယ်။ " လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လာကရစ်ရှန်က ပါလီမန်ကို ပြောပါတယ်။ "ဒီနည်းက လူတွေ ပိုမိုပါဝင်လာနိုင်ပြီး ကျွန်တော်တို့ အားလုံးကို ကာကွယ်မှုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။"

တကယ်လို့ ဒီ portable ထုတ်ကုန်သာ အလုပ်ဖြစ်မယ်ဆိုရင် စင်ကာပူမှာ ရှိတဲ့ လူတိုင်းကို ဖြန့်ဖြူးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့လက Sky News Australia နဲ့ တွေ့ဆုံခန်းမှာ ဘယ်လာကရစ်ရှန်က ဒီထုတ်ကုန်ဟာ ဘက်ထရီသုံး ထုတ်ကုန်ဖြစ်ပြီး လက်မှာ ဝတ်ဆင်နိုင်သလို လက်ကိုင်အိတ်ထဲမှာလည်း ထည့်ထားလို့ ရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

စင်ကာပူအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ခြေရာခံဖို့အတွက် TraceTogether ဆိုတဲ့ အက်ပလီကေးရှင်းတစ်ခုကို ရေးဆွဲထားပါတယ်။ Apple ထုတ်ကုန်တွေမှာ Bluetooth ချိတ်ဆက်မှုကို ရပ်ဆိုင်းထားတာကြောင့် TraceTogether app ဟာ iOS နဲ့ Apple ထုတ်ကုန်တွေမှာ အလုပ်မလုပ်တဲ့ ပြဿနာရှိပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Apple နဲ့ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရာမှာ လူအချင်းချင်း ခပ်ခွာခွာနေစေဖို့အတွက် စင်ကာပူနိုင်ငံက ပန်းခြံတွေမှာ Boston Dynamics ထုတ် ခွေးစက်ရုပ်တွေ သုံးပြီး သတိပေးနေပါတယ်။ ကြာသာပတေးနေ့အထိ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၆၉၂၂ ဦးအထိ ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က