ယခုနှစ် ဧပြီ ၄ လအထိ ၂၀% တိုးလာပါတယ်


COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း Amazon ရဲ့ ရှယ်ယာတန်ဖိုးဟာ မြင့်တက်လာခဲ့ပြီး ကုမ္ပဏီတည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်ရဲ့ ချမ်းသာမှုလည်း တိုးလာခဲ့ပါတယ်။ 

Bloomberg ဘီလျံနာအညွှန်းကိန်းအရ ဘီဇော့စ်ဟာ ၂၀၂၀ ခုနှစ်အတွင်း အသားတင်ပိုင်ဆိုင်မှု တိုးလာတဲ့ ဘီလျံနာအနည်းငယ်ထဲက တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှုဟာ ဧပြီလအထိ ၄ လအတွင်း ၂၀% တိုးပြီး ဒေါ်လာ ၁၃၈.၅ ဘီလျံအထိ ရှိလာခဲ့တာပါ။



Photo: toolshero


Amazon ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာ တစ်စုကို ၂၂၈၃.၃၂ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁.၁၄ ထရီလီယံအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဘီဇော့စ်ဟာ Amazon ရှယ်ယာရဲ့ ၁၁.၂% နီးပါး ပိုင်ဆိုင်ပြီး ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ဘီဇော့စ်ဟာ Amazon အပြင် The Washington Post သတင်းစာ နဲ့ အာကာသယာဉ်ကုမ္ပဏီ Blue Origin တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ 

၂၀၁၇ ခုနှစ်ကစပြီး ဘီဇော့စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ မှာ Amazon ဟာ ဝင်ငွေ ‌ဒေါ်လာ ၂၃၀ ဘီလျံ ၊ အသားတင်အမြတ် ဒေါ်လာ ၁၀ ဘီလျံအထိ စံချိန်တင် ရရှိခဲ့ပါတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းက စပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဝင်အထွက် ပိတ်ဆို့မှုများ ရှိလာပြီး လူများ အိမ်တွင်းအောင်းလာချိန်မှာ အွန်လိုင်းကနေ Amazon ဝန်ဆောင်မှု မှာယူမှုမြင့်တက်လာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှုကြောင့် ကမ္ဘာအနှံ့မှာ စီးပွားရေးနဲ့ လက်လီလုပ်ငန်းအများစု ရပ်ဆိုင်းခြင်း ၊ ဝန်ထမ်းအင်အား လျှော့ချခြင်းများ လုပ်ဆောင်နေချိန်မှာ အိမ်အရောက်ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးဖို့နဲ့ Warehouse ပိုင်းအတွက် မတ်လထဲမှာ Amazon ဟာ ဝန်ထမ်းသစ်တွေ ၁ သိန်းခန့် ထပ်ခန့်ခဲ့သလို ဧပြီလလယ်ကလည်း နောက်ထပ် ဝန်ထမ်း ၇၅၀၀၀ အထိ ခန့်ဖို့ စီစဉ်နေပါတယ်။

Photo: BBC

မတ်လထဲမှာ ကယ်လီဖိုးနီးယားမှ Amazon ဝန်ထမ်းတစ်ဦး COVID-19 ကြောင့် သေဆုံးခဲ့ပြီး အနည်းဆုံး ဝန်ထမ်း ၇၄ ယောက် ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းခွင်ဘေးကင်းမှု အစီအမံအားနည်းတဲ့အပေါ် ဝန်ထမ်းများမှ ဆန္ဒပြခဲ့သလို Amazon ဟာ ဂိုဒေါင်လုပ်ငန်းခွင်အတွင်း ဘေးကင်းရေး အစီအမံအကြောင်း ဝေဖန်တဲ့ ဝန်ထမ်း ၃ ဦးကိုလည်း အလုပ်မှ ထုတ်ပယ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က