Standard Edition ထားပေးသွားမှာပါ
Nyein Min Wai

ရုပ်သံ Streaming ဝန်ဆောင်မှုပလက်ဖောင်းနှစ်ခု ဖြစ်တဲ့ Netflix နဲ့ YouTube တို့ဟာ အင်တာနက်လိုင်းတည်ငြိမ်ဖို့ ဥရောပမှာ Streaming Quality ကန့်သတ်သွားမယ်လို့ ဆိုပါတယ်။

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းများပိတ်ထားပြီး အိမ်ကနေ အလုပ်လုပ်သူ များလာပြီးနောက် အင်တာနက် သုံးစွဲမှုဟာ မထင်မှတ်လောက်အောင် မြင့်တက်လာခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာလအတွင်း အင်တာနက်ဆာဗာ နှေးကွေးမှု မဖြစ်စေရေးအတွက် ဥရောပအာဏာပိုင်တွေဟာ YouTube နဲ့ Netlix တို့ကို ဆွေးနွေးခဲ့တာပါ။




Photo: 9to5mac


“ ဥရောပတစ်ခွင်က စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းတွေ ၊ အစိုးရနဲ့ ကွန်ရက်အော်ပရေတာတွေနဲ့ ဆွေးနွေးညှိနိုင်းမှု လုပ်ပြီးနောက် ကျွန်တော်တို့ဟာ ယူကေနဲ့ EU နိုင်ငံတွေမှာ ရုပ်သံအရည်အသွေးကို Standard Definition အဖြစ် ယာယီ Default သတ်မှတ်ထားဖို့ ကတိပြုထားပါတယ်။” လို့ Google ပိုင် ရုပ်သံ streaming ဝန်ဆောင်မှုဖြစ်တဲ့ YouTube က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

YouTube ဝန်ဆောင်မှုကတော့ လက်ရှိမှာ သုံးစွဲမှုအနည်းငယ်ပဲ မြင့်တက်လာတာ တွေ့ရပေမယ့် EU အတွက် Default Quality ကို ရက်သုံးဆယ် လျှော့ချနေတယ်လို့ CNET သတင်းက ဆိုပါတယ်။ ဗွီဒီယိုအရည်အသွေးကတော့ ကိုယ်တိုင်ပြန်ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။

Netflix ဝန်ဆောင်မှုကလည်း ဒေတာသုံးစွဲမှုကို ၂၅% လျှော့ချသွားမှာ ဖြစ်ပြီး ကြည့်ရှုသူများလည်း ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေး ရအောင် လုပ်ပေးမယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီကြာတဲ့ Standard Definition (480p) ရုပ်သံ streaming တစ်ခုဟာ ဒေတာ 1GB ကုန်ပြီး HD အရည်အသွေးဆိုရင်တော့ တစ်နာရီ 3GB အထိ ကျသင့်မှာပါ။

Photo: The Hill


High Definition အရည်အသွေး မရှိမဖြစ်လိုအပ်တာမှ မဟုတ်ရင် Standard Definition ကို ပြောင်းဖို့ ဥရောပကော်မရှင်နာမင်းကြီး တီရေးဘရက်တန်က Streaming services တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ COVID-19 အကြပ်အတည်းကာလအတွင်း အင်တာနက်လိုင်း ချောမွေ့စေမယ်လို့ ကော်မရှင်နာမင်းကြီးက ပြောခဲ့ပြီး မြန်မြန်ဆန်ဆန် လိုက်ပါပြောင်းလဲပေးခဲ့တဲ့ ဒီကုမ္ပဏီနှစ်ခုကိုလည်း ချီးကျူးခဲ့ပါတယ်။

Netflix နဲ့ YouTube အပြင် Apple TV Plus နဲ့ Amazon Prime Video တို့ဟာလည်း ဥရောပအတွင်း Broadband လိုင်းဆွဲအားကျဆင်းမှု လျော့ကျစေဖို့ Streaming Quality ကို လျှော့ချနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က