နှစ်ပတ်အတွင်း သုံးပုံနှစ်ပုံအထိ တက်လာတာပါ
Nyein Min Wai

COVID-19 ကူးစက်မှု ဟန့်တားဖို့ အိမ်တွင်းအောင်းသူတွေ များလာတာနဲ့ အမျှ ဂိမ်းကစားသူတွေနဲ့ အင်တာနက်သုံးစွဲမှုလည်း တက်လာနေပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီတစ်နိုင်ငံလုံးက ကျောင်း ၊ ဈေးဆိုင်နဲ့ စားသောက်ဆိုင်များ ပိတ်ထားချိန်မှာ Fortnite နဲ့ Call of Duty တို့လို အွန်လိုင်းဗွီဒီယိုဂိမ်း ကစားသူဦးရေ မြင့်လာပြီး တယ်လီကွန်းကုမ္ပဏီတွေဟာ အင်တာနက်ဒေတာ သုံးစွဲမှု မြင့်တက်လာနေတာကို သတိပြုမိလာတယ်လို့ ဆိုပါတယ်။



Photo: Metro


“ကျွန်တော်တို့ရဲ့ ကွန်ရက်ပေါ်မှာ အင်တာနက်သုံးစွဲမှုပမာဏဟာ ၇၀% ကျော် မြင့်တက်လာနေတယ်လို့ တွေ့ရပါတယ်။ အဓိကကတော့ Fortnite တို့လိုမျိုး အွန်လိုင်းဂိမ်းတွေကြောင့် ဖြစ်ပါတယ်” လို့ Telecom Italia ရဲ့ CEO လူအီဂ်ဂူဘစ်တိုဆီက ပြောကြားကြောင်း Bloomberg သတင်းက ဖော်ပြထားပါတယ်။

လူအများ ပါဝင်ကစားရတဲ့ Fortnite နဲ့ Call of Duty တို့လို ဂိမ်းတွေကြောင့် အိမ်ကနေ အလုပ်လုပ်ကြသူတွေ သုံးနေတဲ့ စီးပွားရေး ပရိုဂရမ်တွေနဲ့ ကွန်ဖရင့် ရုပ်သံခေါ်ဆိုရေး app တွေထက် Bandwidth ပိုယူကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံး ပိတ်ထားရတဲ့ အီတလီမှာ Porn Hub ကလည်း မတ်လအထိ ခရစ်ဒစ်ကတ်မလိုဘဲ ပရီမီယံဝန်ဆောင်မှု သုံးနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။


Photo: The Sun

ဂိမ်မာတွေအကြား နာမည်ကြီးတဲ့ ဗွီဒီယိုနဲ့ Chatting app ဖြစ်တဲ့ Discord ကလည်း အိမ်ထဲမှာ နေရသူတွေ များလာတာကြောင့် တစ်ချိန်မှာ လူပေါင်း ၅၀ အထိ အဖွဲ့လိုက် ရုပ်သံခေါ်ဆိုမှု လုပ်နိုင်မယ့်စနစ်ကို တိုးချဲ့နေတယ်လို့ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု လျှော့ချဖို့အတွက် အိမ်မှာ နေသူတွေ များလာပြီးနောက် Streaming ရုပ်သံဝန်ဆောင်မှုတွေ ဖြစ်တဲ့ Netflix နဲ့ တစ်ခြား ဗွီဒီယိုပလက်ဖောင်းတွေလည်း သုံးစွဲသူ မြင့်တက်လာဖို့ ရှိပါတယ်။

အင်တာနက်ဒေတာသုံးစွဲသူ တိုးတက်များပြားလာပြီးနောက် တယ်လီကွန်းကုမ္ပဏီတွေဟာ Bandwidth တိုးချဲ့ဖို့ စီစဉ်နေပါတယ်။ ယူကေနဲ့ ဆွီဒင်က တယ်လီကွန်းအော်ပရေတောတွေ ဖြစ်တဲ့ Vodafone နဲ့ Telia တို့ဟာ Bandwidth တောင်းဆိုမှု မြင့်တက်လာခြင်းအတွက် ကွန်ရက်ပြင်ဆင်မှု လုပ်နေတယ်လို့ Bloomberg က ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က