ဖေဖော်ဝါရီရောင်းအား အလုံးရေ ၅ သိန်း မပြည့်ပါဘူး

Apple ဟာ ဇန်နဝါရီလကစပြီး တရုတ်နိုင်ငံအတွင်း iPhone ရောင်းအား ဆက်တိုက်ကျဆင်းလာနေပါတယ်။


တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအကယ်ဒမီ (CAICT) ရဲ့ အချက်အလက်တွေအရ ဖေဖော်ဝါရီအတွင်း iPhone အလုံးရေ ၄၉၄၀၀၀ ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူ ‌ရောင်းအား ၁.၂၇ သန်းထက် စာရင် ၆၀% အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ Apple ဟာ ယခုနှစ် ဇန်နဝါရီကနေ မတ်လအတွင်း စမတ်ဖုန်းရောင်းအားကနေ ဝင်ငွေ ဒေါ်လာ ၆၃ ဘီလျံကနေ ၆၇ ဘီလျံအတွင်း ရဖို့ မျှော်လင့်ထားတာပါ။



Photo: CNBC

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Apple Store အရောင်းဆိုင်တစ်ချို့ ယာယီပိတ်ခဲ့ရပြီး ဝယ်လိုအားလည်း ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ CAICT ရဲ့အစီရင်ခံစာအရ ဖေဖော်ဝါရီလထဲမှာ အန်းဒရိုက်ဖုန်းရောင်းအားလည်း ၄၅% ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလထဲမှာ အန်းဒရိုက်ဖုန်း ၁၂.၇၂ သန်း ရောင်းချခဲ့ရပေမယ့် ယခုနှစ် ဖေဖော်ဝါရီလထဲမှာ စုစုပေါင်း ၅.၈၅ သန်းပဲ ရောင်းချနိုင်ခဲ့တာပါ။

Apple ဟာ မတ်လ ၁၂ ရက်နေ့က စပြီး တရုတ်မှာ ရှိတဲ့ လက်လီ Apple Store ၄၂ ဆိုင်လုံးကို ပြန်ဖွင့်လှစ်သွားမယ်လို့ CNBC သတင်းက ဆိုပါတယ်။ ကပ်ဘေးအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ကြောင့် အမေရိကန်မှာ ရှိတဲ့ Apple စတိုးများလည်း ဝယ်လိုအား ကျဆင်းဖို့ ရှိပါတယ်။ 

Photo: Hyperbeast


တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ချထားတဲ့ အီတလီဈေးကွက်မှာတော့ Apple Store အားလုံးကို နောက်ထပ် ညွှန်ကြားချက် မထုတ်မချင်း ပိတ်သွားမှာပါ။ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် Apple ဟာ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ထုတ်ကုန်မိတ်ဆက်ပွဲလည်း ရွှေ့ဆိုင်းသွားဖို့ ရှိပါတယ်။

မတ်လ ၁၃ ရက်နေ့အထိ အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့အပြားက လူပေါင်း ၁၂၅၀၀၀ ကျော်ကို ကူးစက်နေပြီး သေဆုံးသူ ၄၆၀၀ အထိ ရှိလာပြီလို့ CNN သတင်းက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က