နှစ်ရက်ကြာ‌အောင် ဆန္ဒပြသွားမှာပါ

ကုန်စည်ပို့ဆောင်ရေးဌာနများမှ ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် ဂျာမနီနိုင်ငံတစ်ဝှမ်းမှ Amazon အလုပ်သမားများ ကုမ္ပဏီကို သပိတ်မှောက်ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံအနှံမှာ ရှိတဲ့ Amazon ကုန်စည်ဌာန ၆ ခုမှာ ရှိတဲ့ ဝန်ထမ်းတွေဟာ တနင်္လာနေ့မှာ သပိတ်မှောက်ဆန္ဒပြသွားမှာ ဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်း Verdi မှ Reuters သတင်းဌာနကို ပြောပါတယ်။ Amazon အနေနဲ့ အလုပ်သမားများရဲ့ ဘေးကင်းမှုထက် အကျိုးအမြတ်ရရှိရေကို ဦးစားပေးနေတယ်လို့ သမဂ္ဂအဖွဲ့အစည်းက ပြောပါတယ်။



Photo: Yahoo Finance

Verdi အဖွဲ့ကိုယ်စားလှယ် အော်ဟန်အာ့ခ်မင်ရဲ့ အဆိုအရ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အလုပ်သမားအရေအတွက်ဟာ အနည်းဆုံး ၃၀ ကနေ ၄၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ သပိတ်ဟာ ၄၈ နာရီ ကြာမြင့်မှာ ဖြစ်ပြီး "ကောင်းမွန်ကျန်းမာအလုပ်နေရာ" ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ပြီး ဆန္ဒပြသွားမယ်လို့လည်း သိရပါတယ်။ ဂျာမနီမှ Amazon သိုလှောင်ရုံဝန်ထမ်းတွေဟာ ၂၀၁၃ ခုနှစ်ကစလို့ အလုပ်လခကိစ္စနဲ့ အခြေအနေတွေအတွက် ဆန္ဒပြမှုတွေ လုပ်လာခဲ့ပါတယ်။

ဒီတစ်ပတ် တနင်္လာနေ့မှာ ဂျာမနီနိုင်ငံမှာ ရှိတဲ့ Leipzig, Bad Hersfeld, Rheinberg, Werne နဲ့ Koblenz တို့မှာ ရှိတဲ့ Amazon လုပ်ငန်းခွင်တွေမှာ သပိတ်မှောက်သွားမှာပါ။ ဂျာမနီနိုင်ငံဟာ အမေရိကန်ပြီးရင် Amazon ရဲ့ ဒုတိယအကြီးဆုံး ဈေးကွက်ကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၁၉၃.၆ ဘီလျံဖိုးနဲ့ ဂျာမနီနိုင်ငံမှာ ဒေါ်လာ ၂၂.၂ ဘီလျံဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Fortune

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာလည်း Amazon ကုန်လှောင်ရုံအလုပ်သမားတွေဟာ ဘေးအန္တရာယ်မကင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတယ်ဆိုပြီး ဆန္ဒပြမှုတွေ ရှိနေပါတယ်။ Amazon ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဝန်ထမ်းတွေအကြောင်းကို လုပ်ဖော်ကိုင်ဖက်တွေကို အကြောင်းမကြားခဲ့ဘူးလို့လည်း ဝန်ထမ်းတွေက ဝေဖန်ခဲ့ပါတယ်။

ဒီလထဲမှာပဲ နယူးယော့ခ်မှာရှိတဲ့ Amazon ကုန်သိုလှောင်ရုံဝန်ထမ်း ၃ ဦးဟာ Amazon ကို တရားစွဲခဲ့ပါတယ်။ COVID-19 ကပ်ဘေးအတွင်း အမေရိကန်မှာ ရှိတဲ့ Amazon သိုလှောင်ရုံဝန်ထမ်း အနည်းဆုံး ၇ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က