နှစ်စဉ် စမတ်ဖုန်းပေါင်း သန်း ၁၂၀ အထိ ထုတ်လုပ်နိုင်မှာပါ
Nyein Min Wai

တန်ဖိုးနည်း ဖုန်းတွေ ထုတ်ဖို့အဓိကဦးတည်ပြီး တစ်နှစ်ကို မိုဘိုင်းဖုန်းပေါင်း သန်း ၁၂၀ အထိ ထုတ်လုပ်နိုင်မယ့် စက်ရုံကြီးတစ်ရုံကို Samsung က တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။

1000x-1.jpg

photo: bloomberg

 

Samsung Electroinics Co ဟာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းဈေးကွက်တစ်ခု အဖြစ် ဦးတည်လာနေတဲ့ အိန္ဒိယမှာ စက်ရုံတည်ဆောက်လိုက်တာ ဖြစ်ပြီး ဒီစက်ရုံဟာ စက်မှုမြို့တော်တစ်ခု ဖြစ်တဲ့ Noida မှာ တည်ရှိပါတယ်။ စမတ်ဖုန်းတစ်လုံးရဲ့ ကုန်ကျစရိတ်ကို ထုတ်လုပ်မှု အရေအတွက်နဲ ့လျှော့ချဖို့အစီအစဉ်ဖြစ်ပြီး ဒီစက်ရုံဟာ Samsung ရဲ့ မိုဘိုင်းဖုန်းထုတ်လုပ်မှုကို ၂ ဆ တိုးထုတ်နိုင်စေမှာပါ။

ဇူလိုင် ၉ ရက် စက်ရုံဖွင့်ပွဲမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ပါတယ်။

စက်ရုံဖွင့်ပွဲ အခမ်အနားမှာ ဝန်ကြီးချုပ် မိုဒီက "Samsung ဟာ အိန္ဒိယရဲ့ ရေရှည်မိတ်ဘက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Make in India ၊ Make for India ရည်မှန်းချက်တွေကနေ အခုဆို Make for the World ကမ္ဘာကြီးအတွက် ပြုလုပ်သည် ဆိုပြီး သွားတော့မှာပါ" လို့မိန့်ခွန်းပြောခဲ့ပါတယ်။

 

အိန္ဒိယဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်တစ်ခုအဖြစ် အရှိန်နဲ့တက်လာနေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ တင်ပို့ရောင်းချသမျှ စမတ်ဖုန်းအားလုံးထဲက ၁၂၄ သန်း ကျော် (၁၄%) ဟာ အိန္ဒိယဈေးကွက်မှာ ရောင်းချနိုင်ခဲ့တာပါ။ တရုတ်စမတ်ဖုန်း ကုမ္ပဏီများဖြစ်တဲ့  Xiaomi ကနေ Oppo အထိ ဖုန်းကုမ္ပဏီတွေဟာ အိန္ဒိယမှာ စက်ရုံတည်နေပါတယ်။ Xiaomi ကတော့ ပြီးခဲ့တဲ့ ဧပြီလထဲက အိန္ဒိယမှာ နောက်ထပ် စက်ရုံ ၃ ရုံ ထပ်ဆောက်မယ်လို့ကြေငြာထားပါတယ်။

Samsung ရဲ့ ထုတ်ပြန်ချက်အရ  အိန္ဒိယရူပီး ၄၉.၂ ဘီလျံ ရင်းနှီးမြှပ်နှံထားတဲ့ ဒီစက်ရုံကနေ လာမယ့် ၂၀၂၀ မှာ စမတ်ဖုန်းအလုံးရေ ၆၈ သန်းကနေ သန်း ၁၂၀ အထိ ၂ ဆနီးပါး တိုးမြှင့် ထုတ်လုပ်နိုင်တော့မယ်လို့ဆိုပါတယ်။ ဒီစက်ရုံကြောင့် ဒေါ်လာ ၁၀၀ အောက် တန်ဖိုးနည်း ဖုန်းတွေကနေ Galaxy S9 လိုမျိုး flagship မော်ဒယ်တွေအထိ စမတ်ဖုန်းမျိုးစုံကို Samsung ဟာ အကြီးအကျယ် ထုတ်လုပ်နိုင်တော့မှာပါ။

download.jpg

photo: Reuters

 

လူဦးရေ သန်း ၁၃၀၀ ကျော်ရှိပြီး စမတ်ဖုန်းသုံးစွဲသူ ၄၂၅ သန်းပဲ ရှိထားတဲ့ အိန္ဒိယဈေးကွက်မှာတော့ Samsung ဟာ Xiaomi ရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က