Microsoft မှာ အချိန်ပြည့်အလုပ်လုပ်ခြင်းကနေ ၂၀၀၈ ကတည်းက အနားယူခဲ့တဲ့ ဘီလ်ဂိတ်ဟာ Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ကို ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံးနေရာ ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
Microsoft တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်စ်ဟာ ၂၀၁၄ ခုနှစ်မှာ Microsoft ဥက္ကဌရာထူးက ဆင်းခဲ့သူ ဖြစ်ပြီး Personal Computers ပိုင်းကနေ ပရဟိတပိုင်းကို အာရုံစိုက်လာတာ ဆယ်စုနှစ် နှစ်ခုနီးပါး ကြာပြီ ဖြစ်ပါတယ်။ Microsoft မှာ အလုပ်တာဝန်တွေ လျှော့ချပြီး အလှူအတန်းတွေဘက် ပိုစိတ်နှစ်ထားပေမယ့် ဘီလ်ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို နောက်တစ်ကြိမ် ပြန်ရောက်လာတာပါ။
Photo: marketwatch
Bloomberg သတင်းမှာ ဖော်ပြချက်အရ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဘီလ်ဂိတ်စ်ဟာ အသားတင် ဒေါ်လာ ၁၁၀ ဘီလျံ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ဂိတ်စ်ဟာ ခန့်မှန်းခြေ ဒေါ်လာ ၁၀၉ ဘီလျံ ချမ်းသာတဲ့ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပြန်ဖြစ်လာတာပါ။ ၂၀၀၈ ခုနှစ်က စပြီး ဘီလ်ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးနေရာမှာ ဘီဇော့စ် ၊ ရင်းနှီးမြှပ်နှံသူ ဝါရင်ဘတ်ဖတ် နဲ့ မက္ကဆီကို စီးပွားရေးသမား ကားလို့စ်ဆလင်းတို့အထက်က ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ဘီလ်ဂိတ်စ်တို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ Bill & Melinda Gates Foundation ရန်ပုံငွေအတွက် Microsoft အစုရှယ်ယာတွေထဲက ဒေါ်လာ ၃၅ ဘီလျံခန့် ရောင်းချထားပေမယ့် ဘီလ်ဂိတ်စ်ဟာ Microsoft မှာ ရှယ်ယာအများအပြား ပိုင်ဆိုင်ထားနေတုန်း ဖြစ်ပါတယ်။ နိုဝင်ဘာလဆန်းပိုင်းက အမေရိကန် ပင်တဂွန်စစ်တပ်နဲ့ ဒေါ်လာ ၁၀ ဘီလျံတန် Cloud Computing ပိုင်း စာချုပ်အတွက် လေလံအောင်ပြီးနောက်မှာ ဘီလ်ဂိတ်စ်ဟာ ကမ္ဘာ့နံပါတ်တစ်အချမ်းသာဆုံးနေရာမှာ ရှိထားတဲ့ ဘီဇော့စ်ကို ကျော်တက်သွားတာပါ။
Photo: businessinsider
တကယ်လို့ ဘီဇော့စ်သာ အိမ်ထောင်မပျက်ခဲ့ဘူးဆိုရင် သူဟာ အချမ်းသာဆုံး ဖြစ်နေဖို့ ရှိပါတယ်။ ဘီဇော်စ်ဟာ ယခုနှစ် ဇန်နဝါရီလထဲမှာ ဇနီးဖြစ်သူ မက်စ်ကင်ဇီဘီဇော့စ်နဲ့ ကွာရှင်းပြတ်စဲခဲ့ပြီး Amazon Holdings ပိုင်ဆိုင်မှုရဲ့ လေးပုံတစ်ပုံ ပေးခဲ့ရပါတယ်။ မက်စ်ကင်ဇီရဲ့ ပိုင်ဆိုင်မှုဟာ အခုချိန်မှာ အသားတင် ဒေါ်လာ ၃၅ ဘီလျံအထိ ရှိပါတယ်။
အသက် ၄၀ အရွယ် ၁၉၉၅ ခုနှစ်မှာ အသားတင်ဒေါ်လာ ၁၂.၉ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ ဘီလ်ဂိတ်စ်ဟာ ၁၉၉၄ ခုနှစ်က စလို့ Bill & Melinda Gates Foundation အတွက် ဒေါ်လာ ၃၅ ဘီလျံကျော် လှူဒါန်းထားပါတယ်။ Bloomberg စာရင်းအရ ၂၀၁၉ ခုနှစ်အတွင်း ဘီလ်ဂိတ်စ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၉.၅ ဘီလျံ တိုးလာခဲ့ပြီး ဂျက်ဘီဇော့စ်ကတော့ ဒေါ်လာ ၁၆.၂ ဘီလျံ ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။