အမေရိကန် ၊ တရုတ်တို့ထက် နှာတစ်ဖျားသာသွားတာပါ

     တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G ဝန်ဆောင်မှုကို စီးပွားရေးကိစ္စသုံးဖို့ဖြန့်ချိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။

Photo: BTVi.in



         ပဉ္စမမျိုးဆက် ကြိုးမဲ့ကွန်ရက်နည်းပညာဖြစ်တဲ့ 5G အတွက် Samsung ထုတ် Galaxy S10 5G ဖုန်းနဲ့ပူးပေါင်းပြီး ဖြန့်ချိတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှ တယ်လီကွန်းအော်ပရေတာ ၃ ခုနဲ့အမေရိကန်ရဲ့ ထိပ်တန်း တယ်လီကွန်းကုမ္ပဏီ Verizon Communications တို့ဟာ ဧပြီ ၃ ရက်နေ့က 5G ဝန်ဆောင်မှုတွေကို စီးပွားဖြစ် ဖြန့်ချိသွားမယ်လို ကြေညာခဲ့ပေမယ့် Yonhap သတင်းအရ တောင်ကိုရီးယားတယ်လီကွန်းတွေဟာ Verizon ထက် ၂ နာရီစောပြီး 5G ဝန်ဆောင်မှု စတင်ခဲ့တာလို့ဆိုပါတယ်။

         အမေရိကန်ရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီ Verizon ဟာ နဂိုစီစဉ်ထားတဲ့ ရက်ထက် တစ်ပတ်စောပြီး ဧပြီ ၃ ရက်နေ့က ချီကာဂိုနဲ့မီနီပိုလစ်မြို့တို့မှာ 5G services တွေ ပေးခဲ့တာပါ။ အမေရိကန်တယ်လီကွန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက 5G ဝန်ဆောင်မှုကို စတင်ခဲ့ပေမယ့် နေရာအကန့်အသတ်နဲ့ဖြန့်ချိခဲ့တာ ဖြစ်သလို ထုတ်ကုန်တိုင်းလည်း သုံးလို့ရတာမဟုတ်ခဲ့ပါဘူး။

         SK Telcom ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ အီရင်ကင်မ်ကတော့ ကုမ္ပဏီအနေနဲ့ကွန်ရက်နဲ့ဖောက်သည် အဆင်သင့်ရှိထားတာကြောင့် 5G services တွေကို စောစောစီးစီး ဖြန့်ချိဖို့ဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။ တောင်ကိုရီးယားတယ်လီကွန်းတွေဟာ ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့ စကာၤပူစံတော်ချိန် ည ၁၀ နာရီခန့်က စပြီး 5G services တွေ ပေးနေတာပါ။

Photo: Investing.com

         တောင်ကိုရီးယားရဲ့ အကြီးဆုံး တယ်လီကွန်းတစ်ခု ဖြစ်တဲ့ SK Telecom ဟာ ဧပြီ ၃ ရက်နေ့မှာ နာမည်ကျော် K-Pop ဂီတအဖွဲ့ဖြစ်တဲ့ EXO မှ အနုပညာရှင် ၂ ဦးနဲ့အိုလံပစ်ရေခဲစကိတ်အားကစားသမား ကင်မ်ယွန်းနတို့အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ် ၆ ဦးအတွက် 5G services စတင် ပေးအပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီအနုပညာရှင်တွေဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G စမတ်ဖုန်း subscribers လုပ်သူတွေလည်း ဖြစ်တယ်လို့ဆိုပါတယ်။

        KT နဲ့LG Uplus တယ်လီကွန်းတို့ကလည်း 5G services ကို တစ်ချိန်တည်းမှာ ဖြန့်ချိခဲ့ပြီး သာမန် users တွေအတွက် 5G services ကို Galaxy S10 5G ဖြန့်ချိမယ့် ဒီတစ်ပတ် သောကြာနေ့မှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 5G ကွန်ရက်နည်းပညာဟာ 4G LTE ထက် ဒေတာမြန်နှုန်း အဆ ၂၀ ကျော် ပိုမြင့်ပြီး AI နဲ့VR နည်းပညာတွေကို အင်တာနက်လိုင်း ကြန့်ကြာ နှောင့်နှေးမှု မရှိဘဲ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

         တောင်ကိုရီးယား တယ်လီကွန်းအော်ပရေတာတွေကတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ 5G သုံးစွဲသူ ၁ သန်းခန့်ရှိလာဖို့မျှော်မှန်းထားပါတယ်။ 5G ကွန်ရက်သစ်အတွက် ကမ္ဘာ့နိုင်ငံကြီးတွေဟာ သူ့ထက်ငါ အပြိုင်ဦးအောင် ကြိုးပမ်းနေကြပြီး တောင်ကိုရီးယားနဲ့အတူ တရုတ် ၊ အမေရိကန် ၊ ဂျပန်တို့ဟာလည်း 5G ဈေးကွက်ထဲ ဝင်ရောက်ဖို့ပြင်ဆင်နေကြပါတယ်။

Share

Loading Next Article...
က္က