TikTok အတွက် သိပ်ကြီးမားတဲ့ ဈေးကွက်တော့ မဟုတ်ပါဘူး
Nyein Min Wai

တရုတ်နိုင်ငံအခြေစိုက် ByteDance ပိုင် ဗွီဒီယိုအက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ဟာ ဟောင်ကောင်ဈေးကွက်ကနေ ထွက်ခွာသွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

TikTok ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောကြားမှုကို ကိုးကားပြီး Reuters သတင်းက ဖော်ပြထားတာပါ။ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင်အတွက် တရုတ်အစိုးရမှ အမျိုးသားလုံခြုံရေးဥပဒေသစ် အတည်ပြုလိုက်ပြီးနောက် TikTok ဟာ ဒီဈေးကွက်ကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Photo: kalingatv

"မကြာသေးခင်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအရ ကျွန်တော်တို့အနေနဲ့ ဟောင်ကောင်အတွင်း TikTok app လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်" လို့ TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

TikTok ဟာ သုံးစွဲသူအချက်အလက် သိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ လူမှုကွန်ရက်ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် ကုမ္ပဏီရဲ့ CEO သစ် ကက်ဗင်မေယာကတော့ app သုံး သုံးစွဲသူအချက်အလက်တွေကို တရုတ်မှာ သိမ်းဆည်းထားခြင်း မရှိဘူးလို့ ပြောထားပါတယ်။ ကုမ္ပဏီအနေနဲ့လည်း တရုတ်အစိုးရရဲ့ တောင်းဆိုသလို အကြောင်းအရာများ ဆင်ဆာဖြတ်မှုနဲ့ အချက်အလက်ထုတ်ပေးတာမျိုး လုပ်မှာ မဟုတ်သလို အစိုးရဘက်ကလည်း တစ်ခါမှ တောင်းဆိုခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ 

Photo: politico

သတင်းအရင်းအမြစ်တစ်ခုကတော့ ဟောင်ကောင်ဟာ TikTok အတွက် ဈေးကွက်သေးသလို အရှုံးပြတဲ့ ဈေးကွက်လည်း ဖြစ်နေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ TikTok ဟာ ဟောင်ကောင်မှာ သုံးစွဲသူ ၁ သိန်းခွဲကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Sensor Tower ရဲ့ ဈေးကွက်အချက်အလက်တွေအရ TikTok ဟာ ၂၀၂၀ ပထမသုံးလပတ်အတွင်း Apple App Store နဲ့ Google PlayStore တို့ပေါ်မှာ ဒေါင်းလုပ်ဆွဲမှုပေါင်း ၂ ဘီလျံကျော် ရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

ဇူလိုင်လဆန်းပိုင်းမှာပဲ တရုတ်အစိုးရဟာ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ပြဌာန်းခဲ့ပြီး ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချု်ပခွင့်ကိုလည်း လျှော့ချလာပါတယ်။ ဥပဒေသစ်အသက်ဝင်ပြီးနောက် ဟောင်ကောင်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း ဒေသတွင်း သုံးစွဲသူအချက်အလက်များ ပေးဖို့ ‌ကိစ္စကို Google ၊ Facebook နဲ့ Twitter တို့ဟာ ရပ်ဆိုင်းထားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က